close

လားရှိုးတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူနာများ နေ့စဉ်သေဆုံးနေ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူတွေ နေ့တိုင်းလို ရှိနေတယ်လို့  လူနာတွေကို လိုအပ်သလိုအကူအညီပေးနေတဲ့ မြို့ခံပရဟိတအဖွဲ့က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာပဲ ကိုဗစ်-၁၉ ကူးစက်ခံရပြီးဆုံးသွားတဲ့ လူနာ ၄ ယောက်နဲ့ သံသယနဲ့ ဆုံးသွားတဲ့ ၂ ယောက် စုစုပေါင်း ၆ ယောက်ကို မီးသင်္ဂြိုလ်စက်သို့ ပို့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပေးသောလက်စေတနာရှင် သွေးနှင့် လူမှုကူညီရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီမနက်ပိုင်းမှာဘဲ ဆုံးသွားတဲ့ Positive လူနာ ၄ ယောက်နဲ့ သံသယ ၂ ယောက်ကို သုသာန်ပို့ပေးခဲ့ပါတယ်ခင်ဗျာ။ သေဆုံးသူက နေ့တိုင်းလိုရှိနေပါတယ်၊ အများစုက အောက်စီဂျင် မလုံလောက်လို့ သေဆုံးရတာပါ။  ကျနော်တို့ အသင်း တစ်သင်းတည်းအနေနဲ့ ဒီသုသာန်မှာ လာချ ပေးတာ စုစုပေါင်း ၄၀ ကျော်ရှိပါပြီ။”

လားရှိုးမှာ ကိုဗစ်-၁၉ ကိစ္စနဲ့ ပတ်သက်ပြီး လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ပေါင်း ၁၀ ဖွဲ့ကျော်ရှိပြီး နေ့စဉ် ပိုးကူးစက်ခံရသူ နဲ့ သေဆုံးသူစာရင်းချုပ်ကိုတော့ မသိရ ကြောင်း၊ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကူးစက် သေဆုံးသူစာရင်းတွေ ထက်တော့ ပိုများတယ်လို့ သူကပြောပါတယ်။ 

 လာရှိုးမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၅ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိတယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။  

လားရှိုးသတင်းမှာတော့ ဇူလိုင်လ ၁၈ ရက်နေ့ တစ်ရက်တည်းတင် ကိုဗစ်ပိုးကူးစက်ခံရသူ ၉၄ ဦးရှိကြောင်း ၊ ဇွန်လ ၉ ရက်မှ  ဇူလိုင် ၁၈ ရက်နေ့ထိ ရက်ပေါင်း ၄၀ အတွင်း ပိုးကူးစက်ခံရသူ စုစုပေါင်း ၁၁၁၁ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၆၂၆ ဦး နဲ့ သေဆုံးသူ ၅၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ဒီကနေ့မှာလည်း မိုးကုတ်ဝိပဿနာတရားစခန်းဝင်းထဲက ကိုဗစ်စစ်ဆေးတဲ့နေရာမှာ ပိုးတွေ့ သူများနဲ့ ဆက်စပ်နေသူ လူအယောက် ၂၀၀ ကျော်ကို  အာခေါင်တို့ဖတ်ယူပြီး ဓာတ်ခွဲစစ်ဆေး နေပါတယ်။

Photo -Given Hand

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up