close

ကိုဗစ်လူနာသစ် ၆၀၀၀ ကျော်တွင် ဇေယျာသီရိမြို့နယ်က ၂၆၀ ဖြင့် ကူးစက်မှုအများဆုံးဖြစ်

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၆,၀၉၃ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က ကူးစက်ခံရသူ ၂၆၀ ယောက်နဲ့ အ များဆုံးဖြစ်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏ အတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၆,၅၉၀ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၆,၀၉၃ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၇ ရာခိုင်နှုန်းနီးပါး ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက်ကတော့ ၂၄၇ ယောက် ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅,၈၁၄ ယောက်၊ ကူးစက်ခံရသူ စုစုပေါင်း ၂၄၆,၆၆၃ ယောက်ထိ ရှိ နေခဲ့တာပါ။

         ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူး တိုင်းဒေသကြီးက ၁,၂၂၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ မကွေးတိုင်း ဒေသကြီးက ၁,၁၈၉ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးက ၇၉၆ ယောက်စီနဲ့ အစဉ်လိုက် အများဆုံး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up