မဲဆောက်မြို့၌ တိတ်ဆိတ်ခြောက်ကပ်နေပြီး ဆေးရုံတွင် လူနာများပြည့်နေ

ထိုင်း-မြန်မာနပ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အရင်ကကုန်သွယ်ရောင်းဝယ်သူတွေနဲ့ စည်းကားခဲ့ပေမဲ့ အခုတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြို့ပျက်အလား ခြောက်ကပ် တိတ်ဆိတ်နေပြီး ဆေးရုံမှာတော့ လူနာတွေနဲ့ ပြည့်နေတယ်လို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက အထည်ချုပ်စက်ရုံတစ်ရုံကနေ လူတွေအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်တာကစပြီး ပိုးကူးစက်ခံရသူဦးရေ လျော့မသွားတဲ့အပြင် လူနာသစ် နေ့စဉ် ၁၀၀ ကျော်တွေ့သလို သေဆုံးသူတွေလည်း နေ့စဉ်ရှိနေပါတယ်။
မဲဆောက်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ က ထိုင်းနိုင်ငံသား ၇၉ ဦးနဲ့ ရွှေ့ပြောင်းလုပ်သား ၆၁ ဦး စုစုပေါင်း လူနာသစ် ၁၄၀ ဦး ရှိပြီး ၆ ဦးထပ်မံသေဆုံးခဲ့ပါတယ်။
ဇွန် ၁ ရက်မှ ၂၄ ရက်အထိ ကိုဗစ် ၁၉ ကူးစက်သူပေါင်း ၂၄၂၉ ဦးရှိပြီး ၁၁ ဦးသေဆုံးသွားပြီလို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
မဲဆောက်မြို့ကိုတော့ လော့ဒေါင်းမချသေးပေမယ့် မလိုအပ်ဘဲ အပြင်မထွက်ဖို့ ညဘက် အပြင်မထွက်ဖို့ ခရိုင်ဝန်က ညွှန်ကြားထားပါတယ်။
ဒါပေမဲ့ မဲဆောက်မြို့သူမြို့သားတွေအားလုံး လက်ညီတက်ညီ ဆိုင်တွေ အိမ်တံခါးတွေ အကုန်ပိတ်ချထားပြီး ဘယ်သူမှအပြင်မထွက်ဘဲ အိမ်မှာပဲနေနေကြပြီး တနေ့လုပ်မှ တနေ့စားရတဲ့ လမ်းဘေး ဆိုင်တချို့သာ စွန့်စားပြီးလာဖွင့်တာရှိပါတယ်။
လတ်တလောမှာ မဲဆောက်ဆေးရုံကြီးနဲ့ ယာယီဆေးရုံကြီး ၂ ခုမှာရော ၊ မြို့ပြင် စက်ရုံအလုပ်ရုံ ၁၁ ခုမှာ ကိုဗစ်-၁၉ လူနာတွေ ၊ ကွာရန်တင်းဝင်သူတွေနဲ့ ပြည့်နှက်နေပါတယ်။
မဲဆောက်မှာ အခုလို ရောဂါကူးစက်မှုတွေ မြင့်နေပေမယ့်လည်း မြန်မာဘက်ခြမ်းကနေ တရား မဝင် ဝင်ရောက်လာသူတွေ နေ့စဉ်လိုရှိနေပြီး သူတို့ဆီကနေ ကိုဗစ်-၁၉ ပါလာမှာကိုလည်း မြို့ခံတွေ စိုးရိမ် နေကြပါတယ်။
အရင် ကိုဗစ်-၁၉ မရောက်ခင်၊ မဲဆောက်- မြဝတီ ချစ်ကြည်ရေးတံတားဖွင့်စဉ် နယ်စပ်ကုန်သွယ်စီးဆင်းမှုမှာ လစဉ် ဘတ်သန်းပေါင်း သောင်းနဲ့ချီ လည်ပတ်နေပြီး ကိုဗစ် ကပ်ဆိုက်ချိန်မှာတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ကျဆင်းနေတာဖြစ်ပါတယ်။
ကိုးကား - Thaipbs / MCOT news