ရုရှားအစိုးရ ဝေဖန်သူ အလက်ဇီနာဗယ်ညီ၏ အင်တာနက်စာမျက်နှာ ပိတ်ပင်ခံရ

ရုရှားနိုင်ငံမှာ အစိုးရကို ဝေဖန်လို့ ထောင်ချခံထားရတဲ့ အလက်ဇီနာဗယ်ညီရဲ့ ဝက်ဘ်ဆိုက်အင်တာနက်စာမျက်နှာ ဝင်ကြည့်လို့မရအောင် ဇူလိုင် ၂၆ ရက်မှာ ရုရှားအာဏာပိုင်တွေက ပိတ်ဆို့လိုက်ပါတယ်။
သူနဲ့ပတ်သက်နေတဲ့ တခြားသူ ၄၈ ယောက်နဲ့ အဖွဲ့အစည်းတွေရဲ့ ဝက်ဘ်ဆိုက်တွေကိုပါ လွှတ်တော်ရွေးကောက်ပွဲ အကြိုကာလမှာ ပိတ်ချလိုက်တာပါ။
နာဗယ်ညီနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို အစွန်းရောက်ဝါဒီတွေလို့ ကြေညာဖို့ အစိုးရရှေ့နေရဲ့ တောင်းဆိုချက်ကို ရုရှားတရားရုံးက အရင်အပတ်က အတည်ပြုပေးခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ သူတို့ကို ဥပဒေနဲ့မညီသူတွေအဖြစ် သတ်မှတ်ရုံသာမက သူ့ရဲ့ မဟာမိတ်တွေကိုပါ စက်တင်ဘာမှာ ကျင်းပမယ့် အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ မရအောင် တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့က ရုရှားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်လိုက်ပြီး ရုရှား နိုင်ငံရေး အတိုက်အခံတွေအပေါ် အခြေအမြစ်မရှိတဲ့ ထိုးနှက်ချက်အဖြစ် သုံးသပ်လိုက်ပါတယ်။
နာဗယ်ညီရဲ့ အဖွဲ့က ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချပါတယ်။ လက်ရှိ အာဏာရ ယူနိုက်တက် ရုရှားပါတီက ကိုယ်စားလှယ်တွေ မဲမရအောင် ကြိုးစားဖို့ ဗျူဟာမြောက် ဘယ်လို မဲပေးမလဲ ဆိုတာ ပြည်သူတွေကို အကြံပေးနေတဲ့ ပါးပါးနပ်နပ် မဲပေးရေး အင်တာနက် စာမျက်နှာကို အာဏာပိုင်တွေက မကြာခင် ပစ်မှတ်ထားလာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းကိုလည်း သူတို့က လူမှုကွန်ရက်မီဒီယာပေါ်မှာ ပြောပါတယ်။
အင်တာနက် စာမျက်နှာတွေကို ပိတ်ဆို့ ထားတာကို ရှောင်ဖို့ ဘယ်လို ကြိုးစားသင့်တယ် ဆိုတာကို မကြာခင် ရှင်းပြမယ်လို့ နာဗယ်ညီရဲ့ မဟာမိတ် လီယိုနစ်ဒ်ဗိုလ်ကို့ဗ်က ပြောပါတယ်။
နာဗယ်ညီဟာ သမ္မတ ဗလာဒီမီယာပူတင်ရဲ့ အထင်ရှားဆုံး ပြည်တွင်းဝေဖန်သူ ဖြစ်ပြီး အာမခံကာလ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ်ကို ကျခံနေရပါတယ်။
သူ့ကို ထောင်ချလို့ ရုရှားနဲ့ အနောက်ဥရောပနိုင်ငံတွေကြား ဆက်ဆံရေးတင်းမာမှု ပိုတိုးလာပြီး သူ လွတ်မြောက်ရေးအတွက် အနောက်ဥရောပနိုင်ငံတွေက တောင်းဆို နေကြပါတယ်။