အီရန်အင်တာနက်စာမျက်နှာဝက်ဘ်ဆိုက် ၃၆ ခုကို အမေရိကန်အစိုးရ ပိတ်သိမ်း

သတင်းမှားတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေပြီး အီရန်ရေဒီယိုနဲ့ ရုပ်သံဌာနတွေက သုံးနေတဲ့ အီရန်အင်တာနက်စာမျက်နှာဝက်ဘက်ဆိုက် ၃၆ ခုကို အမေရိကန်အစိုးရက သိမ်းလိုက်တယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနကပြောပါတယ်။
ဇွန်လ ၂၂ရက်နေ့ တရားရုံးရဲ့ အမိန့်အရ အီရန် အစ္စလာမစ်ရေဒီယိုနဲ့ ရုပ်သံသမဂ္ဂ IRTVU က သုံးနေတဲ့ ဝက်ဘ်ဆိုက် ၃၃ ခုနဲ့ ခါတစ်ဘ်ဟဇ်ဘာလာ KH ဌာနက ဖြန့်ချိတဲ့ ဝက်ဘ်ဆိုက် ၃ခုကို အမေရိကန် ဒဏ်ခတ်မှုချိုးဖောက်တဲ့အတွက် အမေရိကန် အစိုးရက သိမ်းခဲ့တယ် လို့ တရားရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ ဝက်ဘ်ဆိုက်တော်များများဟာ နာမည် လိပ်စာအသစ်တွေနဲ့အတူ နာရီပိုင်းအတွင်း အွန်လိုင်းပေါ် ပြန်ရောက်လာခဲ့ကြပါတယ်။ IRTVU ကို အမေရိကန် ကုမ္ပဏီ တခုက ပိုင်ပြီး ဝက်ဘ်ဆိုက်လိပ်စာနဲ့ နာမည်အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးကနေ လိုင်စင်ရမထားဘူးလို့ တရားရေး ဝန်ကြီးဌာနက ပြောပါတယ်။
KH ကတော့ အီရန်နဲ့ မဟာမိတ် အီရတ်ပြည်သူ့စစ်အုပ်စုတွေထဲက တခုဖြစ်ပြီး အဲဒီအဖွဲ့ကို အမေရိကန်က နိုင်ငံခြားအကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ထားပါတယ်။
KH ကလည်း လိုင်စင်မရှိဘဲ လုပ်ငန်းလည်ပတ်နေတာလို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ အမေရိကန်အစိုးရဟာ ယီမင်နိုင်ငံက ဟူသီလှုပ်ရှားမှုလိုမျိုး အီရန်နဲ့ ပတ်သက်နေတဲ့ အုပ်စုတွေပိုင်တဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေနဲ့ မီဒီယာဝက်ဆိုက် အတော်များများကို သိမ်းခဲ့တယ်လို့ အီရန် သတင်းဌာနကတွေကလည်း ကြေညာပါတယ်။