တောမီးလောင်ရသည့်အကြောင်းအရင်း တူရကီ စတင်စုံစမ်း

တူရကီနိုင်ငံတောင်ပိုင်းက မာနဗ်ဂတ်မြို့ကိုပါ ကူးစက်လောင်ကျွမ်းခဲ့တဲ့ တောမီးကြီး ဘာကြောင့် လောင်ရတယ်ဆိုတာ တူရကီအာဏာပိုင်တွေက ဇူလိုင် ၂၈ ရက်က စပြီး စုံစမ်းစစ်ဆေးနေပါတယ်။
အသေအပျောက် မရှိဘဲ တောမီးကို ငြှိမ်းနိုင်ဖို့ သူ့အစိုးရက မျှော်လင့်တယ်လို့ သမ္မတ တေယစ် အာဒိုဂံက ပြောပါတယ်။ အန်တယ်ယာ အပန်းဖြေမြို့ရဲ့ အရှေ့ဘက် ၄၅ မိုင်အကွာက တောမီးကနေ မီးခိုးနက်တွေ တက်နေပုံကိုလည်း ရုပ်သံကနေ ထုတ်လွှင့်ပြသပါတယ်။
မီးတောက်တွေက မာနဗ်ဂတ် မြို့လယ်ခေါင်ထိ ကူးလာလို့ အဆောက်အအုံ အများအပြားကို ဘေးကင်းရာ ရွှေ့ထားရတယ်လို့ မြို့တော်ဝန် ဆူခရူဆိုဇန်က ပြောပါတယ်။ မီးက မတူတဲ့ နေရာလေးခုမှ စပြီး လောင်ခဲ့တာလို့ အန်တယ်ယာ မြို့တော်ဝန်က ပြောပါတယ်။
ဒါကြောင့် ရပ်ကွက် လေးခုကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရပြီး အသေအပျောက်အစီရင်ခံတာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဘာကြောင့် မီးလောင်တယ်ဆိုတာ အာဏာပိုင်တွေက မပြောနိုင်သေးဘဲ အစိုးရ ရှေ့နေတွေက မီးဘေးကို စတင် စစ်ဆေးနေပြီလို့ အစိုးရပိုင် အနာဒိုလူသတင်းဌာနက ဖော်ပြပါတယ်။
စိုက်ပျိုးရေးဝန်ကြီးကတော့ အာဏာပိုင်တွေဟာ မီးသတ်လေယာဉ်တစီး၊ ရဟတ်ယာဉ် ၁၉ စီး၊ မီးသတ်ကား ၁၀၈ စီးနဲ့ လူအင်အား ၄၀၀ ကျော်ကို သုံးပြီး မီးကို ကြိုးစား ငြှိမ်းသတ်နေတယ်လို့ ပြောပါတယ်။