ကာလီဖိုးနီးယားပြည်နယ်တွင် ဧက ၂၁၀၀၀ ကျော် တောမီးလောင်

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ အမြန်ကူးစက်နေတဲ့ တာမာရတ် တောမီးဟာ ဧက ၂၁၀၀၀ ကျော်ကို လောင်ကျွမ်းခဲ့ပြီး လုံးဝ မထိန်းချုပ် နိုင်သေးဘူးလို့ ရိုက်တာ သတင်းဌာနက ဇူလိုင် ၁၈ ရက်မှာ သတင်းထုတ်ပါတယ်။
ကာလီဖိုးနီးယားနဲ့ နီဗားဒါးပြည်နယ် နယ်စပ်တလျှောက်မှာ မဖြစ်မနေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ဇူလိုင် ၁၆ ရက်ကတည်းက အမိန့်ထုတ် ထားခဲ့တာပါ။
ဇူလိုင် ၄ ရက်က ဟမ်ဘော့ဒ် တွိုင်ယာဘေ အမျိုးသားသစ်တောထဲမှာ မာ့ခ်လီဗေလီအတွင်း မိုးကြိုးပစ်ရာက တောမီး စလောင်ခဲ့တာလို့ ယုံကြည်ကြောင်း အရာရှိတွေက ပြောပါတယ်။
ဒါကြောင့် မာ့ခ်လီတောင်ကြား၊ ဂရူဗာ ရေပူစမ်းဥယျာဉ်နဲ့ အပျော်ခရီးထွက်သူတွေ စခန်းချရာ နေရာ၊ ရှေးစမ်းချောင်း၊ မာ့ခ်လီဗေလီရွာနဲ့ အိစ်ဖော့ခ် အပန်းဖြေစခန်းတို့ကို ဘေးလွတ်ရာ ရွှေ့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။၏
မီးသတ်သမားတွေက မီးကူးစက်မှု ဟန့်တားရေး အနားက သဘာဝပေါက်ပင်တွေကို မီးမလောင်နိုင်တဲ့ ဆေးရည်တွေ ဖြန်းထားခဲ့ပေမယ့် မီးကို လုံးဝ မထိန်းနိုင်ခဲ့ပါဘူး။
ဇူလိုင် ၁၅ ရက်အထိ အမေရိကန်ရဲ့ ပြည်နယ် ၁၂ ခုမှာ တောမီး အကြီးစား အခု ၇၀ လောက် လောင်ကျွမ်းနေပြီး ဧကတသန်းကျော် မီးလောင်ခံထားရတာကို စာရင်းပြုစုထားတယ်လို့ အမျိုးသား မီးဘေးစီမံခန့်ခွဲရေးစင်တာက အစီရင်ခံပါတယ်။
ရာသီဥတု ပြောင်းလဲမှုရဲ့ လက္ခဏာတွေဖြစ်တဲ့ ကာလကြာရှည် မိုးခေါင်တာနဲ့ လွန်ကဲတဲ့ အပူချိန်တို့ဟာ တောမီးရဲ့ ပြင်းအားနဲ့ လောင်ကျွမ်းမှု အကြိမ်ရေ တိုးလာတာကို အဓိက ထည့်ဝင် အားပေးနေတယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။