ကိုဗစ်ကာကွယ်ဆေးထိုးသူ တစ်ဦးလျှင် ဒေါ်လာ ၁၀၀ ပေးရန် အမေရိကန်သမ္မတ မက်လုံးပေး

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အထိုးခံတဲ့လူတွေကို တစ်ယောက် ဒေါ်လာ ၁၀၀ ပေးဖို့ ဇူလိုင် ၂၉ ရက်က ဒေသခံအစိုးရတွေကို သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် အလုပ်သမားတွေကို ကာကွယ်ဆေးထိုးထားတဲ့ အထောက်အထားပြဖို့ ဒါမှမဟုတ် မျက်နှာပုံမှန်စစ်ဆေးဖို့၊ မဖြစ်မနေ မျက်နှာဖုံးနှာခေါင်းစည်းတပ်ဖို့နဲ့ ခရီးသွားလာ ကန့်သတ်ချက်တွေပေးဖို့ လိုအပ်တဲ့ စည်းမျဉ်းသစ်တွေ ချမှတ်ဖို့လည်း ဘိုင်ဒင်က ပြောပါတယ်။
"ကာကွယ်ဆေးထိုးဖို့ လူတွေကို ငွေပေးတာက ကာကွယ်ဆေးထိုးပြီးသားလူတွေအတွက် မတရားဘူးဆိုတာ သိပေမဲ့လည်း ဒါက အပေးအယူ တစ်ခုပဲ”လို့ သမ္မတ ဘိုင်ဒန်က ဆိုပါတယ်။
ဒီမက်လုံးပေးတာက ငါတို့ ဒီဗိုင်းရပ်စ်ကိုကျော်လွှားနိုင်ရင် ဒီနည်းကို သုံးသင့်တယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။
“လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု ရှိပါတယ်၊ ဒါ့ကြောင့် ကျေးဇူးပြုပြီး တာဝန်သိတဲ့ ဆုံးဖြတ်ချက် ချပါ၊ ကိုယ်တိုင်အတွက်၊ ကိုယ်ချစ်ခင်ရသူတွေအတွက်၊ ကိုယ့်တိုင်းပြည်အတွက် ကာကွယ်ဆေးထိုးပါ” လို့ သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်မှာ အခမဲ့ကာကွယ်ဆေးတွေ အမြောက်အမြား ရှိနေပေမဲ့ ကာကွယ်ဆေး ထိုးနှံမှုမှာတော့ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် နောက်ကျနေတာပါ။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒဲလ်တာမျိုးကွဲဟာ အထူးသဖြင့် ကာကွယ်ဆေး ထိုးမထားတဲ့သူတွေကို ကူးစက်ပြီး တစ်နိုင်ငံလုံး ပျံ့နှံ့လာတာနဲ့အမျှ ဒီအစီအစဉ်ဟာ ကာကွယ်ဆေးထိုးဖို့ တွန့်ဆုတ်နေတဲ့ အမေရိကန်တွေကို တွန်းအားပေးဖို့ ဘိုင်ဒန်ရဲ့ နောက်ဆုံးကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
ကာကွယ်ဆေး လုံးဝမထိုးဘူးဆိုတဲ့ ခံစားချက်တွေ၊ သတင်းအမှားတွေနဲ့ နိုင်ငံရေး ကွဲပြားမှုတွေကြောင့် ချီတုံချတုံဖြစ်နေသူတွေကို ကာကွယ်ဆေးထိုးခံဖို့ တွန်းအားပေးတဲ့ အိမ်ဖြူတော်ရဲ့ကြိုးပမ်းမှုတွေက ထိရောက်မှု ရှိခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထား မပြနိုင်တဲ့ အစိုးရ၀န်ထမ်းတွေကို အပတ်စဉ် (သို့) တပတ် ၂ ကြိမ် ကိုဗစ်စစ်ဆေးခြင်းနဲ့ တရားဝင် ခရီးသွားလာခြင်းတွေကို ကန့်သတ်ထားပါတယ်။
ဘိုင်ဒန်ဟာ စစ်သားတွေကို ကာကွယ်ဆေးထိုးဖို့ လိုအပ်တာကြောင့် ဘယ်အချိန်မှာ၊ ဘယ်လို ကာကွယ်ဆေးထိုးရမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း ညွှန်ကြားခဲ့ပါတယ်။
နောက်ပြဿနာတခုက ကလေးတွေကို အချိန်ပြည့် ကျောင်းပြန်တက်နိုင်အောင် ဘိုင်ဒန်က အားသွန်ခွန်စိုက် ကြိုးပမ်းနေတာပါ။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ အဆိုအရ အမေရိကန်ရှိ လူဦးရေ သန်း ၃၃၀ လောက်မှာ အကြမ်းဖျဉ်း ၁၆၃ ဒသမ ၈ သန်းလောက်က ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီး ဖြစ်ပါတယ်။