ဗီယက်နမ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာသဖြင့် လော့ဒေါင်း၂ ပတ်ထပ်တိုး

ဗီယက်နမ် အစိုးရဟာ သြဂုတ် ၂ ရက်မှာ စီးပွားရေး အချက်အချာ ဟိုချီမင်းမြို့နဲ့ နိုင်ငံတောင်ပိုင်းက တခြားမြို့၊ ပြည်နယ် နေရာ ၁၈ ခုမှာ အသွားအလာ ထိန်းချုပ်ကန့်သတ်ချက်တွေကို နောက်ထပ် သီတင်းပတ် ၂ ပတ် သက်တမ်းတိုးလိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ အဆိုးဆုံး ကူးစက်နေတာကို တိုက်ဖျက်ရေး အကူအညီရဖို့ ခုလို သက်တမ်းတိုးလိုက်တာပါ။ ကပ်ဘေးဆိုက်တဲ့ အချိန်ကာလ တော်တော်ကြာကြာအထိ ဗိုင်းရပ်စ်ကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့အပြီး ဗီယက်နမ်ဟာ ရုတ်တရက် ကူးစက်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။
ဒါကြောင့် တိုင်းပြည်ရဲ့ သုံးပုံတပုံကို အသွားအလာ ပိတ်ဆို့ ကန့်သတ်ခဲ့ရပါတယ်။ စုစုပေါင်း ကူးစက်ခံ လူဦးရေ ၁၄၅၀၀၀ ရှိပြီး ကူးစက်ခံ သေဆုံးသူ ၁၃၀၆ ယောက် ရှိခဲ့ကာ ကူးစက်ခံ ၈၅ ရာခိုင်နှုန်းဟာ အရင်လ တလတည်းအတွင်းမှာ ဖြစ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
တတိုင်းပြည်လုံး ကူးစက်မှု စုစုပေါင်း ရဲ့ ၆၄ ရာခိုင်နှုန်းဟာ ဟိုချီမင်းမြို့မှာ ကူးစက်နေတာဖြစ်ပြီး ဟိုချီမင်းမြို့မှာ ဇွန်လ ၂ ရက်ကမှ ပထမဆုံး ကူးစက်ခံရသူ သေဆုံးခဲ့တာ ဖြစ်ပြီး ခုတော့ စနေနေ့ထိ စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၁၆၄ယောက် ရှိပြီလို့ မြို့ရဲ့ ရောဂါ ဟန့်တား ထိန်းချုပ်ရေးဌာနကဆိုပါတယ်။
နိုင်ငံမြောက်ပိုင်းက ဟနွိုင်းမြို့တော်မှာ အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက်က လာမယ့် သီတင်းပတ်ကုန်ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် ထပ်သက်တမ်းတိုးဖို့ အာဏာပိုင်တွေက စဉ်းစားနေကြပါတယ်။
လူဦးရေ ၉၈ သန်း ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေး ၅ ဒသမ ၉သန်းကို စီမံခန့်ခွဲ နေဆဲ ဖြစ်ပြီး လူ ၅၈၉၀၀၀ လောက်သာ ကာကွယ်ဆေးအပြည့် ထိုးပြီးသေးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။