မက်ဆီကို ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဘာစီလိုနာ သဘောတူညီမူရ

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီကို ၅ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမူရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။
အသက် ၃၄ နှစ်ရှိ မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့တာပါ။
မန်စီးတီး၊ ပီအက်စ်ဂျီ အသင်းတွေက ခေါ်ယူလိုခဲ့ပေမဲ့ ဘာစီလိုနာအသင်းက သူတို့ရဲ့ အရေးပါဆုံး ကစားသမားကို ဆက်ထိန်းဖို့ လုပ်ဆောင်နိုင်ခဲ့တာပါ။
မက်ဆီအနေနဲ့ ၂၀၂၆ ခုနှစ်၊ သူ့အသက် ၄၀ အထိ ဘာစီလိုနာမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ ငွေရေးကြေးရေးပြဿနာကြောင့် လာလီဂါစည်းမျဉ်းအရ အခက်တွေ့နေပြီး မက်ဆီအပါအဝင် စီနီယာကစားသမား တချို့ရဲ့ လုပ်ခကို ၄၀ ရာခိုင်နူန်းကနေ ၅၀ ရာခိုင်နူန်းအထိ ဖြတ်တောက်သွားမယ်လို့ သိရပါတယ်။ ဒီအခြေအနေကြောင့် မက်ဆီဟာ တစ်ပတ်လုပ်လ ပေါင် ၂ သိန်းခွဲခန့်သာရရှိမယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားရယူနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ အားလပ်ရက်ယူနေတာဖြစ်ပါတယ်။ မကြာခင် အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ပြီး တရားဝင် စာချုပ် ချုပ်ဆိုဖို့ လုပ်ဆောင်မယ်လို့သိရပါတယ်။