ထိုင်းအစိုးရကို ဝေဖန်ခဲ့သဖြင့် ထိုင်းအလှမယ် ၁ ဦးနှင့် အလှမယ်ပွဲစီစဉ်သူတို့ တရားစွဲခံရ

နိုင်ငံတကာအလှမယ်လေးတွေကို လေ့ကျင့်စင်တင်ပွဲထုတ်ပေးနေတဲ့ ထိုင်းကနာမည်ကြီး ဒါရိုက်တာ နဝပ်အစ်စရကရိုင်းဆင်နဲ့ ထိုင်းအလှမယ် ၁ ဦးတို့ဟာ ဝန်ကြီးချုပ် ပရာယွတ်ဦးဆောင်တဲ့ ထိုင်းအစိုးရကို လူမှုကွန်ရက်ကနေ ဝေဖန်ခဲ့တဲ့အတွက် တရားစွဲခံထားရပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအရှိန်မြင့်မားလာတဲ့အကြောင်းဟာ အစိုးရရဲ့ စီမံကိုင်တွယ်မှုအားနည်းလို့ဖြစ်ကြောင်း ၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုချားရဲ့ အစိုးရအဖွဲ့ဟာ လူကုံထံတွေရဲ့ စီပွားရေးကို မြှင့်တင်အားပေးတာကြောင့် ချမ်းသာသူတွေ ပိုပိုချမ်းသာပြီး ဆင်းရဲသားလူတန်းစားတွေ ပိုပြီးဆင်းရဲလာကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ခံ ရတဲ့ပြည်သူတွေကို အစိုးရက ကောင်းမွန်စွာမကုသပေးနိုင်ဘဲ ကိုဗစ်-၁၉ ကာကွယ်ဆေးလည်း လုံလောက်စွာ ရအောင် မစီစဉ်နိုင်တဲ့ကိစ္စတွေကို မစ္စတာ နဝပ်က သူ့ရဲ့လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ပြီး ဝေဖန်ခဲ့တာပါ။
မစ္စတာနဝပ်ဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူဖြစ်ပြီး အစိုးရပိုင်ဆေးရုံမှာတက်ရောက်ကုသနေစဉ် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း ဆေးရုံနဲ့ ပြဿနာဖြစ်ခဲ့ပါသေးတယ်၊
ဆေးရုံမှာ လူနာတွေများလာလို့ အခြေအနေဆိုးတဲ့လူနာတွေကို ထားဖို့ အခြေအနေကောင်းလာတဲ့ သူ့ကို တရက်အတွင်း ဆေးရုံက ဆင်းပေးဖို့ ဆရာဝန်က ပြောခဲ့ရာမှာ မစ္စတာ နဝပ်က အောက်စီဂျင်ပိုက်တန်းလန်း၊ ဆီအိုးတန်းလန်းနဲ့ နေရတဲ့ပုံနဲ့ လိုက်ဖ်လွှင့်ပြီး အစိုးရဆေးရုံကိုဝေဖန်ခဲ့ပါတယ်။ နောက်တနေ့မှာ အစိုးရဆေးရုံကဆင်းပေးရပြီး အပြင်မှာဆက်ကုသနေခဲ့ရတာပါ။
ဒီမတိုင်ခင်ကလည်း အစိုးရကိုတောက်လျှောက်ဝေဖန်ခဲ့လို့ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ထိုင်းအစိုးရ ဝန်ကြီးများရုံးရဲ့ ဥပဒေဆိုင်ရာကော်မရှင်နာ နိုင်းဆွန်ထိယားဆဝဒီက တရားလို လုပ်ပြီး မစ္စတာနဝပ်ကို ကွန်ပြူတာဥပဒေ ၊ အစိုးရကိုသိက္ခာကျဆင်းစေမှု ၊ ကြော်ငြာဥပဒေတွေနဲ့ အရေးယူအမှုဖွင့်ထားပါတယ်။
ကိုဗစ်-၁၉ ပြဿနာကို ဝန်ကြီးချုပ်ရော၊ အစိုးရအဖွဲ့ရော၊ ကျန်းမာရေးဝန်ထမ်းတွေပါ အားလုံးပင်ပန်းနွမ်းလျစွာ ကြိုးစားဖြေရှင်းနေရချိန် မစ္စတာ နဝပ်ရဲ့ပြစ်တင်ဝေဖန်မှုတွေဟာ အစိုးရပေါ်ယုံကြည်မှုကင်းမဲ့စေပြီး ပြည်သူတွေကိုဇဝေဇဝါဖြစ်စေတယ်လို့ နိုင်းဆွန်ထိယားက ပြောပါတယ်။
မစ္စတာနဝပ်က ကလည်း ပြီးခဲ့တဲ့ ဇွန်လ ၃၁ ရက်နေ့က ဆေးရုံပေါ်ကနေ ခွင့်တောင်းပြီး ရဲစခန်းမှာ နိုင်းဆွန်ထိယား ဆဝဒီကို သရေဖျက်မှုနဲ့ ပြန်အမှုဖွင့်ထားပါတယ်။
အလားတူ မစ္စတာနဝပ် ပျိုးထောင်စင်တင်ပေးခဲ့တဲ့ Miss Grand Thailand 2020 ထိုင်းအလှမယ် နမ့်ဖတ်ချရာဖွန်းလည်း အစိုးရကို ပြစ်တင်ဝေဖန်ခဲ့တဲ့အတွက် အစိုးရရှေ့နေရဲ့ တရားစွဲဆိုမှုကို ခံထားရပါတယ်။
မစ္စတာနဝပ်နဲ့ အလှမယ် နမ့်ဖတ်ချရာဖွန်းတို့ နှစ်ဦးလုံးဟာ သူတို့ပေါ်စွပ်စွဲထားတဲ့အချက်တွေ သိရှိကြောင်း ဩဂုတ် ၅ ရက်က ရဲစခန်းမှာလာရောက် သတင်းပို့ခဲ့ကြပြီး သူတို့ကို စွဲဆိုထားချက်တွေအပေါ်မှာလည်း နှစ်ဦးလုံးက လက်မခံကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အလှမယ် နမ့်ဖတ်ချ်ရာဖွန်းက သူဟာ ပြည်သူတယောက်အနေနဲ့ မိမိခံစားချက်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းသာဖြစ်ကြောင်း၊ အစိုးရပေါ် ဝေဖန်ထားတာတွေလည်း အမှန်တရားပေါ်အခြေခံတာမို့ သူ့မှာအပြစ်မရှိကြောင်း၊ အပြစ်မရှိသူကို ထောင်ချမယ်ဆိုရင် သူလည်း ထောင်ထဲဝင်ရဲတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Ref-ThaiPost
Photo- KhaoSod