ဘာစီလိုနာနှင့်လမ်းခွဲခဲ့သည့် မက်ဆီကိုခေါ်ယူရန် ပီအက်စ်ဂျီအသင်း ရေပန်းစား

ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘဲ လမ်းခွဲလာခဲ့တဲ့ မက်ဆီကို ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ရေပန်းစားနေပါတယ်။
မက်ဆီနဲ့ဘာစီလိုနာအသင်းတို့ဟာ သြဂုတ် ၅ ရက်မှာ ၅နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုထားကြပေမယ့် အဆုံးသတ်မှာတော့ အဆင်မပြေဖြစ်ခဲ့တာပါ။
အသင်းရဲ့ ဘဏ္ဍာရေးပြဿနာတွေနဲ့ လာလီဂါအဖွဲ့ချုပ်ရဲ့စည်းမျဉ်းတွေကြောင့် မက်ဆီကို သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီး အသင်းကနေ ထွက်ခွာမယ်လို့ ဘာစီလိုနာအသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသင်းကို အရှိန်အဝါကြီးမားတဲ့ အသင်းဖြစ်လာစေဖို့ လုပ်ဆောင်ပေးခဲ့တဲ့ မက်ဆီကို ကျေးဇူးတင်ရှိပြီး အနာဂတ်မှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေကြောင်း ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာတော့ ဘယ်အသင်းကို ပြောင်းရွှေ့ကစားမလဲဆိုတာ မသိရသေးပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။
မက်ဆီဟာ အားလပ်ရပ်ခရီးစဉ်မှာ ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့နေမာ၊ ဒီမာရီယာ၊ ဗာရက်တီ အစရှိတဲ့ကစားသမားတွေနဲ့ ဓာတ်ပုံအတူတွဲရိုက်ခဲ့ပါသေးတယ်။
မန်စီးတီးနဲ့လည်း သတင်းထွက်ခဲ့ပေမယ့် ကစားသမားသစ် ဂျက်ဂရေးလစ်ရှ်ကို ကျောနံပါတ် ၁၀ ပေးခဲ့တာကြောင့် မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းဆီကိုသာ ပြောင်းရွှေ့ဖို့အခွင့်အလမ်းများနေတယ်လို့ သိရပါတယ်။