မြန်မာတွင် လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဆက်ရှိနေဟု Global R2P အဖွဲ့သတိပေး

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၆ လကျော်ကြားပြီဖြစ်ပေမဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်ရှိနေဆဲပဲလို့ Global R2P အဖွဲ့က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ် ဆိုတာ တကမ္ဘာလုံးက သိကြပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လူသတ်မှုတွေကနေ လွတ်မြောက်နေဆဲပဲလို့ Global R2P အဖွဲ့ကဆိုပါတယ်။
စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလွဲသုံးစား ပြုမှုတွေဟာ နိုင်ငံတကာ ဥပဒေအောက်မှာ တရားမဝင်ဘူး၊ ဆက်ပြီး သည်းခံ မနေသင့်ဘူးလို့ Global R2P အဖွဲ့ကြီးရဲ့ အမှုဆောင် ညွှန်မှူး ဒေါက်တာ ဆိုင်မွန်အဒမ်စ်က ပြော ပါတယ်။
Global R2P အဖွဲ့ဟာ အစုလိုက် အပြုံလိုက် ရက်စက် ယုတ်မာတဲ့ ရာဇဝတ်မှုတွေ ဘေးအန္တရာယ်တွေရှိနေတဲ့ လူထုရဲ့ အခြေအနေတွေကို ထင်ရှားအောင် တပ်လှန့် ထုတ်ပြန်ချက်တွေ အပတ်စဉ်ထုတ် ပေးနေတဲ့ အဖွဲ့ဖြစ်ပြီး ခုတကြိမ်ဟာ မြန်မာနိုင်ငံအတွက် ရှစ်ကြိမ်မြောက် သတိပေးနှိုးဆော်ချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဩဂုတ် ၁ ရက်မှာ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းတာ ၆ လ ပြည့်ခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အရပ်သားအစိုးရ အုပ်ချုပ်ရေးကို တောင်းဆိုဖို့နဲ့ လူ့အခွင့်အရေးကို လေးစားဖို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နိုင်ငံတဝန်း လက်နက်မဲ့ ဆန္ဒပြပွဲတွေကို လူသေတဲ့အထိ ကျည်အစစ်တွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေ၊ ဗုံးသီးတွေ ရေအမြောက်တွေနဲ့ အင်အားအလွန်အကျွံသုံးပြီး တုံ့ပြန်တာတွေ စဉ်ဆက်မပြတ် လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အာဏာသိမ်းပြီးချိန်က စပြီး ခုထိ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သတ်လို့ လူ ၉၄၆ ယောက်ထက် မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၅၄၉၅ ယောက် ဥပဒေမဲ့ ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းကို ကိုကိုးကားပြီးလည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား ပဋိပက္ခကြောင့် လူအယောက် ၁၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။
ချင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပိုတိုးလာနေပြီလို့ဆိုပါတယ်။ ကန့်ကွက် ဆန္ဒပြတာတွေ ဆက်ရှိနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို မထိန်းနိုင်ပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေညာပြီး အရေးပေါ် အခြေအနေကို ၂၀၂၃ သြဂုတ်လအထိ သက်တမ်းတိုးခဲ့တာပါ။
အာဏာသိမ်းပြီးကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာအတွက် အစည်းအဝေး အတော်များများ ကျင်းပခဲ့ပေမယ့် ခုထိ ဘယ်လို အရေးယူ ဆောင်ရွက်ချက်ကိုမှ မချမှတ်ရသေး ပါဘူး။ သြဂုလ် ၄ရက်မှာတော့ အာဆီယံက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေး ဒုဝန်ကြီးကို ခန့်အပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအပါအဝင် အချက် ၅ ချက်ပါ သဘောတူညီချက်ကို အာဆီယံ အဖွဲ့က သဘောတူအပြီး ၃လ အကြာမှာမှ ခန့်အပ်ခဲ့တာဖြစ်ပြီး အဆိုပါ သဘောတူညီချက်တွေလည်း အာဏာသိမ်း စစ်ကောင်စီက တချက်မှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိပါဘူး။