ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ပြဿနာဖြေရှင်းပေးရေး အာဂျင်တီးနားပြည်သူများဆန္ဒပြ

နှစ်ပေါင်းများစွာ ဆိုးရွားလှတဲ့ စီးပွားရေးအကျပ်အတည်းကို ခံစားနေရတဲ့ အာဂျင်တီးနားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးကလည်း ထပ်ပြီး နှိပ်စက်တာကြောင့် ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုပြဿနာကို အစိုးရက ဖြေရှင်းပေးဖို့ အာဂျင်တီးနားပြည်သူ ထောင်ပေါင်းများစွာဟာ သြဂုတ် ၇ ရက်က ဗျူးနို့စ်အေရိစ်မြို့ရဲ့ လမ်းတွေပေါ်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အာဂျင်တီးနားရဲ့ မြို့တော်အနောက်ဘက်က ဆန်ကာယီတာနို နာမည်ကြီး ဆုတောင်း ပြည့်နတ်ကွန်းမှာ နှစ်စဉ် ထောင်နဲ့ချီတဲ့လူတွေ အလုပ်အကိုင်ရရှိဖို့ အရောက်လာ ဆုတောင်းလေ့ ရှိကြတဲ့ နေရာအနီးအနားက ဘုရားကျောင်းတခုမှာ အလုပ်လက်မဲ့ အဖွဲ့အစည်းတွေနဲ့ လက်ဝဲ ယိမ်းအုပ်စုတွေက ဆန္ဒပြမှုကို ဦးဆောင်ခဲ့တာပါ။
အိမ်ထောင်စုတွေဟာ အာဟာရမပြည့်ဝကြတဲ့ ကလေးပေါင်းများစွာနဲ့ စားဖို့သောက်ဖို့ပဲ လုံးပန်းနေရတယ်လို့ လက်ဝဲပါတီ ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါရဲ့အလယ်မှာ ကွာရန်တင်း အမိန့်ကြောင့် ပိုမိုဆိုးရွားခဲ့ရတဲ့ ၂၀၁၈ ခုနှစ်မှာ အစပြု ငွေကြေးဖောင်းပွမှု မြင့်မားမှုနဲ့အတူ စီးပွားရေးကျဆင်းမှုကို ချန်ထားခဲ့ပြီး ၂၀၂၁ မှာ ၇ ရာခိုင်နှုန်းတိုးလာဖို့ ရည်မှန်းထားပါတယ်။
ဒီအကျပ်အတည်းကြောင့် အလုပ်လက်မဲ့နှုန်း ၁၀ ဒသမ ၂ ရာခိုင်နှုန်းနဲ့အတူ လူဦးရေရဲ့ ၄၂ ရာခိုင်နှုန်း ဆင်းရဲခဲ့ရပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင် အစိုးရဟာ စီးပွားရေးကို အသက်ပြန်သွင်းဖို့ ကူးစက်ရောဂါကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။
အာဂျင်တီးနားမြို့တော်မှာ ဆန္ဒပြစစ်ကြောင်းတွေ ပြည့်နှက်နေတဲ့အပြင် နိုင်ငံတစ်ဝန်းရှိ တခြားမြို့ကြီးတွေမှာလည်း ဆန္ဒပြပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြပါတယ်။