ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးသူများသာ စီးနိုင်မည့် မွမ်ဘိုင်းမြို့တွင်းရထား ပြေးဆွဲမည်

လူနေထူထပ်တဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်တခုဖြစ်တဲ့ မွမ်ဘိုင်းမြို့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်ထိုးထားပြီးသူတွေသာ သီးသန့်စီးနင်းနိုင်မယ့် မြို့တွင်းရထားခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
ဒီခရီးစဉ်တွေမှာတော့ ကာကွယ်ဆေး အပြည့်အဝထိုးထားပြီးသူတွေ၊ ၂ ကြိမ်ထိုးနှံပြီး အချိန် သီတင်းနှစ်ပတ်ကြာ သက်တမ်းရှိသူတွေ စီးနင်းနိုင်မယ်လို့ မဟာရရှ် ထရာပြည်နယ်ဝန်ကြီးချုပ် အူဒွတ်ဟ်ဗ် သက်ကရီက ပြောပါတယ်။
လတ်တလောမှာတော့ ဒေသတွင်းပြေးဆွဲတဲ့ ရထားတွေကို အစိုးရဝန်ထမ်းတွေနဲ့ မရှိမဖြစ် သွားလာဖို့ လိုအပ်တဲ့ ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေအတွက်သာ ဖွင့်လှစ်ထားတာဖြစ်ပြီး ပုံမှန်အများပြည်သူစီးနင်းနိုင်မယ့် လမ်းကြောင်းတွေကိုတော့ ပြီးခဲ့တဲ့ ဧပြီ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလကတည်းက ပိတ်ထားခဲ့တာပါ။
သက်ကရီကပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးအင်အားစုအနေနဲ့ ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ရာ နေရာတွေနဲ့ ဟိုတယ်၊ စားသောက်ဆိုင်တွေနဲ့ ကုန်တိုက်တွေမှာပါ ထိန်း ချုပ်ကန့်သတ်ချက်တွေ ဖြေလျှော့ပေးနိုင်ဖို့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာပါ။
“ကျနော့်တို့အနေနဲ့ လတ်တလော ပြန်လည်ဖွင့်လှစ်မယ့် ပြည်တွင်းရထားခရီးစဉ်တွေမှာ စီးနင်းလိုသူ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူတွေ မှတ်ပုံတင်နိုင်မယ့် မိုဘိုင်း လ်အက်ပလီကေးရှင်းတခုကို ပြင်ဆင်ပြီးပါပြီ။”
မဟာရရှ်ထရာပြည်နယ်မှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၆ ဒသမ ၃၅ သန်းကျော်နဲ့ ပြည်နယ်တွေထဲ အများဆုံးကူးစက်ခံထားရပြီး သေဆုံးသူ စုစုပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိနေတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ တဝန်းမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၃၂ သန်းနီးပါး၊ သေဆုံးသူ ၄ သိန်း ၂ သောင်းကျော်နဲ့ အမေရိကန်နိုင်ငံနောက် ဒုတိယကူးစက်မှုနဲ့ သေဆုံးမှုအများ ဆုံးနိုင်ငံ ဖြစ်နေပါတယ်။