close

ကမ္ဘောဒီးယားတွင် ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် စထိုးပေး

ကမ္ဘောဒီယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး ၂ လုံး ထိုးပြီးသား လူတွေ ကာကွယ်ဆေးရဲ့ အရှိန်မပျက်ခင် စွမ်းအင်ထပ်မြှင့်ပေးဖို့ သြဂုတ် ၈ ရက်မှာ တတိယမြောက် ကာကွယ်ဆေးကို စတင် ထိုးနှံ ပေးနေပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်စပ်က ပြည်နယ် ၇ ခုမှာ ကပ်ဘေး တိုက်ဖျက်ရေးအတွက် ရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ လုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အယောက် ၅ သိန်းကနေ ၁ သန်းနီး ပါးကို အရင်ဆုံး ကာကွယ်ဆေးထိုးပေးမှာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ နိုင်ငံအတွင်း ဒယ်လ်တာဗီဇမျိုးကွဲ ကူးစက်မှု ဟန့်တားရေးအတွက် သြဂုတ်လပထမပတ်မှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိနေတဲ့ ပြည်နယ် ၈ ခုမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် လော့ဒေါင်းကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။

ဒယ်လ်တာဗီဇမျိုးကွဲကို ထိုင်းနိုင်ငံကနေ ကုန်းလမ်းနယ်စပ်ကို ဖြတ်ပြီး ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ကြားမှာတွေ့ရှိရပြီး ခုတော့ ကမ္ဘောဒီးယား လူ့အဖွဲ့ အစည်းထဲမှာ ရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ မနှစ်က တစ်နှစ်လုံးနီးပါး ကိုရိုနာဗိုင်းရပ်စ်ကို အများအားဖြင့် ထိန်းချုပ် ထားနိုင်ခဲ့တာပါ။ 

ဒါပေမဲ့ ဖေဖော်ဝါရီ နှောင်းပိုင်းမှာ ပထမဆုံး ကူးစက်မှုတွေ့ရှိခဲ့ပြီး ခုတော့ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံအတည်ပြု လူနာ ၈၁၃၃၅ ယောက်နဲ့ ကူးစက်ခံ သေဆုံးသူ ၁၅၃၇ ယောက် ရှိထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up