close

တတိယလှိုင်းကာလတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဆိုင်ရာစစ်တမ်းတွင် ပါဝင်ရန် NUG ဖိတ်ခေါ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ခံနေတဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဆိုင်ရာစစ်တမ်းမှာ ပူးပေါင်းပါဝင်ဖြေဆိုပေးကြဖို့ ပြည်သူတွေကို ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စတင်ခဲ့တဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကာလအတွင်း ပြည်သူ လူထုတွေကြားမှာ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတွေကို စနစ်တကျ မှတ်တမ်းတင်ပြုစုထားဖို့ လိုအပ်ကြောင်းနဲ့ ခုကောက်ခံရရှိတဲ့ စစ်တမ်းက အချက်အလက်တွေဟာ အမျိုး သားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေးလုပ်ငန်း စီမံမှုတွေအတွက် များစွာအထောက်အကူပြုနိုင်မယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လကနေ အခုအချိန်အတွင်း မိမိကိုယ်တိုင်၊ ဒါမှမဟုတ် အတူနေ မိသားစုအတွင်း ဖြစ်ပွားခဲ့ဖူးတာ၊ ကွယ်လွန်ခဲ့တာမျိုးတွေရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၁၂,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ ဩဂုတ် ၉ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

လတ်တလောမှာတော့ နေ့စဉ်ပိုးတွေ့နှုန်းဟာ ၃၀ ရာခိုင်နှုန်းဝန်းကျင်နဲ့ နေ့စဉ်လို လို တိုးလာနေတာဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံက တတိယမြောက် သေ ဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက မနေ့က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up