အာဖဂန်နစ္စတန်စစ်တပ် လေကြောင်းကပစ်ခတ်မှုကြောင့် တာလီဘန် ၂၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒဟာပြည်နယ်ရဲ့ မြို့တော်မှာ အာဖဂန်စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ တာလီဘန် သူပုန် ၂၅ ယောက် သေဆုံးခဲ့တယ်လို့ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
လေကြောင်းပစ်ခတ်နေတဲ့ ရုပ်သံကို ဝန်ကြီးဌာနက ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်က သူ့စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။
ဒီရုပ်သံရဲ့ နေ့စွဲနဲ့ နေရာတွေကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။ စစ်သွေးကြွ ၁၃ ယောက် ဒဏ်ရာရပြီး သူပုန်တွေဆီက လက်နက် ၂၉ လက်နဲ့ ခဲယမ်းမီးကျောက်တွေကို သြဂုတ် ၁၀ ရက်မှာ ဖျက်ဆီးခဲ့တယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
တာလီဘန် တိုက်ခိုက်ရေးသမားတွေဟာ အာဖဂန်မြောက်ပိုင်းက ဖိုင်ဇာဘဒ်မြို့ကို ဗုဒ္ဓဟူးနေ့က ထိန်းချုပ်လိုက်ပါတယ်။
အမေရိကန် ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ ဆုတ်ခွာလို့အပြီး ၆ ရက်အတွင်းမှာ သူပုန်တွေ လက်အောက်ကို ပြည်နယ်မြို့တော် ၈ ခု ကျရောက်ခဲ့တယ်လို့ အရာရှိတယောက်က ပြောပါတယ်။
တာလီဘန်တွေဟာ ခုတော့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၆၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော် ၁၁ ခုကိုလည်း သိမ်းယူမလို့ ခြိမ်းခြောက်ထားတယ်လို့ ဥရောပသမဂ္ဂ အကြီးတန်း အရာရှိတယောက်က အင်္ဂါနေ့မှာ ပြောပါတယ်။