close

ထိုင်းရဲတပ်ဖွဲ့က ဘတ်သန်း ၅၀ တန်ဖိုးရှိ သေနတ်အလက် ၃၅၀၀ နှင့် ကျည်ဆန် ၁ သန်းခန့် ဖမ်းမိ

ထိုင်းနိုင်ငံ၊ ခွန်ကန်နဲ့ ချင်းရိုင်ခရိုင်တို့မှာ ရဲတပ်ဖွဲ့ဝင်တွေက   အွန်လိုင်းကနေ လက်နက်မှောင်ခိုရောင်းချသူ ၃ ယောက်ကို သေနတ်အလက် ၃၅၀၀ ၊ ကျည်ဆန်ပေါင်း ၁ သန်းလောက်နဲ့အတူ ဩဂုတ် ၁၁ ရက်က ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်ပို့စ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ခွန်ကန်ခရိုင်မှာ အသက် ၃၈ နှစ်အရွယ် ဒါနုနိုင်ဆိုတဲ့ အမျိုးသား ၁ ယောက်ကို ဖမ်းမိပြီး  ချင်းရိုင်ခရိုင်မှာ အသက် ၄၃ နှစ်အရွယ် ဆိုလာဝီနဲ့ ခူးလ်တီလက်ဆိုတဲ့ အမျိုးသား ၂ ယောက်ကို တန်ဖိုး ဘတ်သန်း ၅၀  လောက်တန်တဲ့ တရားမဝင် သေနတ်တွေ ကျည်ဆန်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာလို့ ဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ဒုရဲဗိုလ်ချုပ်ကြီး ခွန်ချိုင်းကလိုင်ကလန်က ပြောပါတယ်။

အဆိုပါလက်နက်တွေကို ခရိုင် ၂ ခုမှာရှိတဲ့ နေရာ ၅ ခုမှာ သိုဝှက်ထားတာလို့လည်းဆိုပါတယ်။  ဒါနုနိုင်ပိုင်ဆိုင်တဲ့ ခွန်ကန်က နေအိမ် ၃ လုံးကို ရှာဖွေရာမှာတော့   ရိုင်ဖယ်သေနတ် ၁၄၁၄ လက်နဲ့ မှတ်ပုံမတင်ရသေးတဲ့ ပစ္စတိုသေနတ် ၁၂၂ လက်အပြင်  ခဲယမ်းကျည်ပေါင်း  ၉၂၀,၀၀၀ လောက်တွေ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ချင်းရိုင်ခရိုင်မှာတော့ ရဲတပ်ဖွဲ့တွေက မောင်မြို့နယ်မှာရှိတဲ့ လေသေနတ်ဆိုင် ၂ ဆိုင်မှာ မှတ်ပုံတင်မထားတဲ့ ရိုင်ဖယ်သေနတ် ၁၇၈၆ လက်နဲ့ တရားမဝင် ပစ္စတို ၂၂၄ လက် အပြင် ကျည်ဆန်ပေါင်း ၅၇,၅၀၀ တောင့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မစ္စတာ ဒါနုနိုင်ဟာ သေနတ်တွေ၊ ကျည်ဆန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဘန်ကောက်နဲ့ တောင်ပိုင်း ခရိုင်တွေမှာရှိတဲ့ လက်နက်ရောင်းသူထံကနေမှာယူခဲ့တာလို့  ဒုရဲဗိုလ်ချုပ်ကြီး ခွန်ချိုင်းက ပြောပါတယ်။

ဒါနုနိုင်ဟာ သူ့ရဲ့သေနတ်တွေကို ကြော်ငြာရောင်းချဖို့ ဝက်ဆိုက်တခုလည်းတင်ထားပြီး ထိုင်းနိုင်ငံတဝန်းက ဖောက်သည်တွေက Line အပလီကေးရှင်းကတဆင့်မှာဝယ်ယူကြကာ ဘဏ်ကနေ ငွေပေးချေရတယ်လို့ဆိုပါတယ်။ ဒီနောက်  ပစ္စည်းပို့တဲ့ ကုမ္ပဏီကနေတဆင့် ပါဆယ်နဲ့  လက်နက်တွေပေးပို့ တရားမဝင် ရောင်းဝယ်ဖောက်ကားကြတာလို့ သိရပါတယ်။   ဒီလက်နက်တွေဟာ အင်ဒိုနီးရှား၊ ဆွီဒင်၊ အမေရိကန်၊ တူရကီ၊ စပိန်နဲ့ တရုတ်နိုင်ငံတွေကနေ   ထိုင်းနိုင်ငံထဲကိုမှောင်ခိုသွင်းလာတာလို့ ဆိုပါတယ်။

ဒီလက်နက်မှောက်ခိုဂိုဏ်းဟာ  လှုပ်ရှားနေတာ  ၅ နှစ်လောက်ရှိပြီး  နေ့စဉ် ရာနဲ့ချီတဲ့ သေနတ်တွေ ရောင်းချနေတာမှာ ထိုင်းနိုင်ငံတဝန်းက ဖောက်သည်ပေါင်း ၅၀၀၀၀ ကျော်လောက်ကို ရောင်းချပြီးသွားပြီလို့လည်း  ရဲအရာရှိက ပြောပါတယ်။

Photo Credit- Bangkokpost/ThaiPost

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up