တရုတ်နိုင်ငံတွင် ရေဘေးကြောင့် ၂၁ ဦး သေဆုံး

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်ရဲ့ ရေဘေးဒဏ်သင့် စွေကျိုးမြို့တော်မှာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေပါတယ်။
စွေကျိုးမြို့တော်က စွီးရှန်းနယ်မြေ လျို့လင်းမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်းကနေ ကြာသပတေး နေ့ မွန်းတည့်ချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာပါ။
ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံ ၈၀၀၀ ကျော် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၂၇၀၀ ကျော်နဲ့ ဆိုင်ခန်း ၂၂၁ ခန်း ပျက်စီးခဲ့ပါတယ်။
လမ်း ၁၁ ဒသမ ၃ ကီလိုမီတာ၊ တံတား ၆၃ ခု၊ လျှပ်စစ်ဓာတ်အားပေးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေ ၇၂၅ ခု ပျက်စီးခဲ့ပြီး မြို့နယ်အတွင်း လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလည်း ပြတ်တောက်ခဲ့ပါတယ်။
စွီးရှန်းနယ်မြေအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ မိုးသက်လေပြင်း တိုက်ခတ်မှုတွေကြောင့် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ဆက်သွယ်ရေးပြတ်တောက်ခြင်းနဲ့ ပြည်နယ်တစ်ဝိုက်မှာ လူတွေ သောင်တင်တာတွေ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ အရေးပေါ် စီမံခန့်ခွဲမှု၀န်ကြီးဌာနက ဟူဘေးပြည်နယ်ကို ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ထားပါတယ်။
အဆိုးရွားဆုံး ထိခိုက်တဲ့ဒေသတွေဟာ ဟူဘေးပြည်နယ်က စွေကျိုး၊ ရှန်းယန်နဲ့ ရှောင်းကန် တို့ ဖြစ်တယ်လို့ ၀န်ကြီးဌာနက ဆိုပါတယ်။
ပြည်နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနဟာ အဲ့ဒီဒေသတွေကို ကူညီဖို့ ကျွမ်းကျင်အဖွဲ့ဝင် ၁၇၃ ဦးနဲ့ လှေ ၁၃ စင်းကို စေလွှတ်ခဲ့တယ်လို့ ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
သြဂုတ် ၈ ရက်၊ည ၁၀ နာရီအချိန်ကစ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ ၁ သိန်း ကျော် ထိခိုက်ခဲ့ပါတယ်။
ဟူဘေးပြည်နယ်မိုးလေဝသဌာနရဲ့အဆိုအရ မိုးသည်းထန်စွာရွာသွန်းမှုဟာ သောကြာနေ့ အထိ ဆက်ရှိနေနိုင်ပြီး ရေကြီးခြင်းနဲ့ တခြားဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်စေနိုင်တယ် လို့ ဆိုပါတယ်။