အာဖဂန်မြို့တော်ကဘူးလ်သို့ တာလီဘန်များ ဝင်ရောက်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ထဲကို တာလီဘန်သူပုန်တွေ သြဂုတ် ၁၅ ရက်မှာ ဝင်လာပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတယောက်က ပြောပါတယ်။
အမေရိကန် စစ်တပ်ကတော့ သူ့သံရုံးထဲက သံတမန်တွေကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်နေပါတယ်။ တာလီဘန်တွေဟာ မြို့ထဲကို ဘက်စုံကနေ ဝင်လာတာလို့ အကြီးတန်း အရာရှိတယောက်က ပြောပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။
အာဖဂန်သမ္မတ နန်းတော်ရဲ့ တွစ်တာ လူမှုကွန်ရက်အကောင့်မှာတော့ ကဘူးမြို့တော်တဝန်းက နေရာတွေမှာ သေနတ်သံတွေကို ကြားရတယ်။ ဒါပေမဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ညှိုနှိုင်းဆောင်ရွက်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ကို ထိန်းချုပ်ထားတယ်လို့ ရေးထားပါတယ်။
တာလီဘန် အရာရှိကတော့ သူတို့က ဘယ်လို အသေအပျောက်မှ မလိုချင်ဘူး။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲဖို့ ကြေညာမထားဘူးလို့ ပြောပါတယ်။ တာလီဘန်တွေဟာ ကဘူးမြို့တော်ကို ငြိမ်းငြိမ်းချမ်းချမ်း အညံ့ခံဖို့ အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ တာလီဘန် ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။
တာလီဘန်တွေဟာ မြို့တော်အဝင်ကို လျှပ်စီးလက်သလို ထိုးစစ်ဆင်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
အာဖဂန်အစိုးရရဲ့ ကာကွယ်ရေးပြိုလဲမှုဟာ သံတမန်တွေကို ရင်သပ်ရှုမော ဖြစ်စေခဲ့ပြီး ကဘူးမြို့တော်ကို အနည်းဆုံး သုံးလလောက် ထိန်းထားနိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးက အရင်သီတင်းပတ်က ပြောထားပါတယ်။
တနင်္ဂနွေအစောပိုင်းမှာ တာလီဘန်တွေဟာ ဂျလာလာဘတ်မြို့ကို မတိုက်ခိုက်ဘဲ သိမ်းပိုက် ခဲ့တာပါ။
ကုန်းပိတ်နိုင်ငံ အာဖဂန်နစ္စတန်အတွက် အဓိက အဝေးပြေးလမ်းတွေထဲက တခုကို ထိန်းချုပ်လိုက်နိုင်ပါတယ်။
တာလီဘန်တွေဟာ ပါကစ္စတန်နဲ့ နယ်စပ်စခန်း တော်ခမ်ကိုလည်း သိမ်းပိုက်ခဲ့လို့ ကဘူးလေဆိပ်တခုတည်းသာ အစိုးရ လက်ထဲမှာ ကျန်ရစ်ပါတယ်။
တာလီဘန်တွေဟာ မြောက်ပိုင်းက မဇာအီရှရစ်ဖ်မြို့ကိုလည်း တိုက်ပွဲနည်းနည်းဖြင့် သြဂုတ် ၁၄ ရက်က သိမ်းပိုက်လိုက်ပါတယ်။