close

တာလီဘန်များ ထိုးစစ်ရပ်ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေရဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သြဂုတ် ၁၃ ရက်မှာ တောင်းဆိုလိုက်ပြီး အာဖဂန်နစ္စတန်ဟာ ထိန်းချုပ်မှုကင်းမဲ့နေပြီလို့လည်း သတိပေးလိုက်ပါတယ်။

ဂူတာရက်စ်က "ဒီထိုးစစ်ကို ရပ်တန့်ဖို့အချိန်ရောက်ပြီ။ ဒီအချိန်ဟာ လေးနက်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့အချိန်ပါ။ ဒီအချိန်ဟာ ရေရှည်ပြည်တွင်းစစ်ကို ရှောင်ရှားဖို့ ဒါမှမဟုတ် အာဖဂန်နစ္စတန်ကို အထီးကျန်ဆန်စေတဲ့အချိန်" လို့ နယူးယောက်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

အရပ်သားပြည်သူအားလုံးကို ကာကွယ်ရေး ပိုမိုလုပ်ဆောင်ကြဖို့လည်း ဂူတာရက်စ်က သက်ဆိုင်သူ အားလုံးကို တောင်းဆိုပါတယ်။ 

တာလီဘန်တွေဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်ရှိဒေသတွေမှာ လူ့အခွင့်အရေး ကန့်သတ်မှု တွေကို အပြင်းအထန် လုပ်နေပြီး အထူးသဖြင့် အမျိုးသမီးတွေနဲ့ သတင်းထောက်တွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ အစောပိုင်း သိရှိရချက်တွေကြောင့် အလွန်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း ပြောပါတယ်။ 

အာဖဂန်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ ခက်ခက်ခဲခဲရထားတဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကို သူတို့ဆီကနေ ပြန်ဆွဲထုတ်ခံလိုက်ရတဲ့ သတင်းတွေတွေ့ရလို့ ထိတ်လန့်စရာကောင်းပြီး စိတ်ကြေကွဲရတယ်လို့လည်း ဆိုပါတယ်။

၁၉၉၆ မှ ၂၀၀၁ ခုနှစ်ကြား တာလီဘန်အုပ်ချုပ်မှုအောက်မှာ အမျိုးသမီးတွေ အလုပ်မလုပ်ရ၊ မိန်းကလေးတွေ ကျောင်းတက်ခွင့်မရှိ၊ အမျိုးသမီးတွေ မျက်နှာကို ဖုံးအုပ်ထားရပြီး အိမ်ပြင် ထွက်လိုရင် ဆွေမျိုးသားချင်း အမျိုးသားအဖော်ပါမှ ထွက်ခွင့်ရှိတာပါ။ 

လတ်တလော အမေရိကန်ပြည်ထောင်စုက အမေရိကန် သံရုံး၀န်ထမ်းတွေကို ကယ်ထုတ်ဖို့ နောက်ထပ် တပ်ဖွဲ့ ၃၀၀၀ လောက် စေလွှတ်နေပြီး ဗြိတိန်ကလည်း သူ့နိုင်ငံသားတွေ ထွက်ခွာမှာ ကို ကူညီဖို့ တပ်ဖွဲ့ဝင် ၆၀၀ လောက်ကို တပ်စွဲနေပါတယ်။

နယ်သာလန်၊ ဂျာမနီနဲ့ နော်ဝေနိုင်ငံတွေအပါအဝင် တခြားသံရုံးတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကလည်း သူတို့လူတွေကို ထွက်ခွာခိုင်းနေကြပါတယ်။ 

အခုနှစ် အစပိုင်းကစပြီး အာဖဂန်မှာ ပဋိပက္ခတွေကြောင့် လူဦးရေ ၄ သိန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၁၂ ရက်အတွင်း ပြည်တွင်းအိုးအိမ်စွန့်ခွာသူ ၁၀,၃၅၀ ယောက် ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up