အာဖဂန်သမ္မတ တာဂျစ်ကစ္စတန်နိုင်ငံသို့ ထွက်ပြေး

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်ကို တာလီဘန်တွေ ဝင်ရောက်စီးနင်းခဲ့လို့ သွေး ချောင်းစီးတာကို ရှောင်ချင်တယ်လို့ ပြောရင်း အာဖဂန်သမ္မတ အဲ့ရှ်ရဲ့ဖှ်ဂါနီဟာ သြဂုတ် ၁၅ ရက်မှာ တာဂျစ်ကစ္စတန်နိုင်ငံဆီ ထွက်ပြေးသွားတယ်လို့ Asia Plus သတင်းက ဖော်ပြပါတယ်။
ရာချီတဲ့ အာဖဂန်ပြည်သူတွေ ကဘူးလေဆိပ်ဆီကို ထွက်လာခဲ့ကြပြီး ရနိုင်တဲ့ လေကြောင်း ခရီးစဉ်တွေနဲ့ နိုင်ငံထဲကနေ ထွက်ဖို့ ကြိုးစားနေကြပါတယ်။
တာလီဘန်တွေဟာ အာဖဂန်တစ်နိုင်ငံလုံးကို သိမ်းပိုက်အပြီးမှာတော့ တကယ့် စမ်းသပ်ချက်က ခုမှစမှာလို့ တာလီဘန်အကြီးတန်း အရာရှိက ပြောပါတယ်။
သူတို့ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တာဝန်ထမ်းဆောင်မယ်လို့လည်း တာလီဘန် ဒုခေါင်းဆောင် မူလာ ဘရာဒါ အက်ခ်ဟန်းဒ်က ရုပ်သံ ကြေညာချက်ထဲမှာ ပြောပါတယ်။ ခုချိန်ဟာ ပြည်သူတွေအတွက် ပံ့ပိုးဖို့နဲ့ သူတို့ရဲ့ လူနေမှုဘဝ တိုးတက်အောင် လုပ်ဖို့ အချိန်ပဲ လို့လည်းပြောပါတယ်။
အာဖဂန်တနိုင်ငံလုံးအတွက် ကြီးမြတ်တဲ့ အောင်ပွဲဖြစ်လို့ တနိုင်ငံလုံးကို အထူးသဖြင့် ကဘူး ဒေသခံတွေနဲ့ မူဂျာဟစ် အဖွဲ့ဝင်တွေကို ချီးကျူးဂုဏ်ပြုပါတယ်။
“ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ အနေအထားကို ကျနော်တို့ ရောက်ခဲ့ပြီးပြီ။ ဒါပေမဲ့ ကမ္ဘာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အောင်ပွဲကို ပေးသနားတဲ့အတွက် အလ္လာကို ကျေးဇူး တင်သင့်တယ်” လို့ မူလာ ဘရာဒါ က ပြောပါတယ်။
တာလီဘန်တွေက ကဘူးမြို့တော်က သမ္မတ နန်းတော်ကို ထိန်းချုပ်လိုက် ပြီးတဲ့နောက် အာဖဂန်နစ္စတန်က စစ်ပွဲပြီးဆုံးပြီလို့ တာလီဘန်တွေက ကြေညာခဲ့ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက နှစ်ချီ သင်တန်းပေးပြီး လက်နက် တပ်ဆင် ပေးထားတဲ့ အာဖဂန်စစ်တပ်က မတိုက်ခိုက်ဘဲ ထွက်ပြေးခဲ့လို့ တာလီဘန်တွေဟာ သီတင်းပတ် တပတ်ကျော်ကျော် အချိန်မှာပဲ တနိုင်ငံလုံးကို လျှပ်စီးလက်သလို သိမ်းပိုက် နိုင်ခဲ့ပါတယ်။
သံတမန်တွေ အရာရှိတွေနဲ့ တခြားအာဖဂန်နိုင်ငံသားတွေ ထွက်ပြေးခဲ့တဲ့ ကဘူးမြို့တော်က လေဆိပ်ဟာ ရုတ်တရက် တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန်သံရုံးက သြဂုတ် ၁၅ ရက်မှာ ပြောပါတယ်။
အစိုးရ ဝန်ကြီးတွေ၊ အစိုးရ ဝန်ထမ်းတွေနဲ့ အမျိုးသမီးတွေ ကလေးတွေပါတဲ့ တခြား အရပ်သားတွေ ရာချီဟာ လေကြောင်းခရီးစဉ်တွေကို စောင့်ရင်း လေဆိပ်ခန်းမထဲမှာ စုပြုံ တိုးနေကြတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။