close

ဟွာဝေးဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်ကို အမေရိကန်သို့လွှဲပြောင်းရေး ကြားနာပွဲ ပြီးဆုံး

ဟွာဝေးတယ်လီကွန် လုပ်ငန်းစုကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် မုန့်ဝမ်ကျိုးကို တရားစီရင်ဖို့ အမေရိကန်နိုင်ငံဆီ လွှဲပေးရေး ကြားနာပွဲဟာ သြဂုတ် ၁၈ ရက်မှာ ပြီးဆုံးပြီ သူ့ အတွက် ခုခံလျှောက်လဲချက်တွေက ဥပဒေအရရော အချက်အလက်အရပါ ရှုံးနိမ့်ခဲ့တယ်လို့ ကနေဒါအစိုးရရှေ့နေ ရောဘတ် ဖရာတာက တရားရုံးမှာ ပြောလိုက်ပါတယ်။

 ဒီနိုင်ငံမှာ မုန့်ဝမ်ကျိုးထက် ပိုပြီး မျှတတဲ့ အမှုသည် လွှဲပေးရေး ကြားနာမှုမျိုးကို ဘယ်သူမှ မရဖူးသေးဘူးလို့ ဖရာတာက ပြောပါတယ်။

 ခုတော့ တရုတ်နည်းပညာလုပ်ငန်းကြီးရဲ့ အမှုဆောင်အရာရှိဟာ အောက်တိုဘာ ၂၁ရက်မှာ သူ့ အမှုအတွက် တရားသူကြီး ဆုံးဖြတ်မှာကို စောင့်နေရပါတယ်။

 အသက် ၄၉ နှစ်အရွယ် မုန့်ဝမ်ကျိုးဟာ အမေရိကန်ရဲ့ ဖမ်းဝရမ်းကြောင့် ကနေဒါနိုင်ငံ ဗန်ကူးဗားနိုင်ငံတကာလေဆိပ်မှာ ၂၀၁၈ ဒီဇင်ဘာလက ဖမ်းဆီး ခံခဲ့ရပါတယ်။

သူ့ကို အီရန်နဲ့ ပတ်သက်တဲ့ ဟွာဝေးရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံစုံ ရင်းနှီးမြှုပ်နှံရေးဘဏ် HSBC ကို မျက်စိလည်အောင်လုပ်မှုအတွက် လိမ်လည်မှုနဲ့ တရားစွဲ ထားပါတယ်။

 မုန့်ဝမ်ကျိုးကတော့ အပြစ်ကင်းတယ်လို့ အခိုင်အမာ ပြောရင်း ရာဇဝတ်သားအဖြစ် လွှဲပြောင်းခံရမယ့် ဘေးကနေ တိုက်ပွဲဝင် နေခဲ့တာပါ။

 တရားရင်ဆိုင်နေရချိန်မှာ သူ့ကို အာမခံနဲ့ ကနေဒါ နိုင်ငံထဲမှာ လွှတ်ထားပေးဖို့ သူ့ငွေနဲ့ ပုဂ္ဂလိက လုံခြုံရေးက အချိန်ပြည့် စောင့်ကြည့်တာကို ခံယူခဲ့ပါတယ်။

 ဗြိတိသျှ ကိုလံဘီယာ ပြည်နယ် တရားရုံးချုပ်က တွဲဘက် တရားသူကြီးချုပ် ဟိသာ ဟုမ်းစ်က မုန့်ဝမ်ကျိုးရဲ့အမှုကို ကနေဒါမှာပဲ ဆက်ပြီး စီရင်စစ်ဆေးဖို့ သက်သေတွေက ခွင့်ပြုရဲ့ လားဆိုတာကို အခြေခံပြီး စဉ်းစားဆုံးဖြတ်ရမယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

 တကယ်လို့ အမှုသည်ကို လွှဲပေးဖို့ ဆုံးဖြတ်ခဲ့ရင် အဆုံးသတ် ဆုံးဖြတ်ချက်ကို ကနေဒါ တရားရေး ဝန်ကြီးက ချမှတ်ရမှာပါ။ ဆုံးဖြတ်ချက် ၂ရပ်စလုံးကို မုန့်ဝမ်ကျိုးရဲ့ တရားရေးအဖွဲ့က အယူခံခွင့် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up