မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ လူငယ် ၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံမှန်ချီတက်ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းတွေမှာ လိုက်ပါလေ့ရှိတဲ့လူငယ်တစ်ဦး ဩဂုတ် ၁၉ ရက် ညနေပိုင်းက ရိုက်နှက်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ကိုသာထက်အောင်ဟာ အပြင်က ပြန်လာပြီး နေအိမ်ပြန်အရောက်မှာ စစ်ကောင်စီရဲ့လက်နက်ကိုင်တွေ ရောက်လာကာ ရိုက်နှက်ဖမ်းဆီးတာလို့ ဆိုပါတယ်။
“သူက စစ်ကြောင်းတွေမှာ အမြဲလိုက်နေတာတော့မဟုတ်ဘူး။ တခါတလေအားမှ လိုက်တယ်။ အခုဟာက အိမ်ထိဝင်ဖမ်းတာ။ အရပ်ဝတ်တွေနဲ့ ။ မျက်မြင်တွေ့ရသူတစ်ဦးကတော့ သူ့ကို ကားပေါ်တင်သွားတာ ကြိုးတုပ်တင်သွားတာလို့ပြောတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရသေးဘူး။” လို့ ကိုသာထက်အောင်ရဲ့ သူငယ်ချင်းက ပြောပါတယ်။
ကိုသာထက်အောင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး ဖမ်းဆီးခံရဖူးကာ အသက်မပြည့်လို့ ပြန်လွှတ်ပေးတာလို့ သိရပါတယ်။