ချမ်းမြသာစည်မြို့နယ်၌ ဗုံးပေါက်၊ လူ ၄ ဦးခန့် ဒဏ်ရာရ



မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် ၁၁၇ (D) လမ်း၊ ၄၄ လမ်းနဲ့ ၄၅ လမ်းကြားရှိ သဗ္ဗသုခစုပေါင်းဓမ္မရုံမှာ ဩဂုတ် ၁၉ ရက် ညနေပိုင်းက ဧည့်စာရင်းတိုင်နေသူတွေအနီး ဗုံးပေါက်ခဲ့ပါတယ်။
ရပ်ကွက်ဓမ္မာရုံမှာ မြရည်နန္ဒာအိမ်ရာမှာ နေထိုင်သူတွေ ဧည့်စာရင်းသွားတိုင် ကြစဉ် ဗုံးပေါက်တဲ့အတွက် လူ ၄ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦး သိရပါတယ်။
“ဗုံးပေါက်တာ ဟုတ်တယ်။ ဧည့်စာရင်းတိုင်နေတဲ့ ဓမ္မာရုံမှာပေါက်တာတဲ့။ ဗုံးက ရေးနေတဲ့ စားပွဲနားကို ကျတာ လို့ပြောကြတယ်။ ” လို့ အောင်သာယာရပ်ကွက်နေသူတစ်ဦး က ပြောပါတယ်။
ဗုံးပေါက်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေ ရောက်လာပြီး လမ်းသွား လမ်းလာ ပြည်သူတွေကို စစ်ဆေးနေပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရသူတွေကို ဆေးရုံ ဆေးခန်းပို့ဖို့ ပရဟိတ အသင်းတချို့ကို လှမ်းဆက်သွယ်ပေမယ့် စစ်ကြောင်းမလာသေးရင် ဘာမှ လုပ်မရဘူးပြောတယ်လို့ ဆိုကြတယ်။ ဗုံးပစ်သွားသူတွေဟာ ဆိုင်ကယ်နဲ့ လာပစ်တာဖြစ်ပြီး ဖမ်းဆီးရမိတာမရှိဘူးလို့ သိရပါတယ်။