close

အာဖဂန်ပြန်လည်ထူထောင်ရေး နိုင်ငံတကာအကူအညီ တာလီဘန်ရှာဖွေနေ

အာဖဂန်နစ္စတန်ဟာ နှစ်ပေါင်းများစွာ နိုင်ငံခြားတပ်တွေ သိမ်းပိုက်ထားပြီးနောက်မှာ နိုင်ငံ ပြန်လည်ထူထောင်ဖို့ နိုင်ငံတကာအကူအညီတွေကို ရှာဖွေနေတယ်လို့  တာလီဘန်‌ပြောရေးဆိုခွင့် ရှိသူကပြောပါတယ်။ 

ကာတာနိုင်ငံက တာလီဘန်နိုင်ငံရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ်ရှာဟန်က သြဂုတ် ၁၉ ရက်မှာ တရုတ်ကမ္ဘာ့ရုပ်သံကွန်ရက် CGTN နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ 

တာလီဘန်တွေအနေနဲ့ နေ့စဉ်အုပ်ချုပ်ရေးကိစ္စတွေကို တာဝန်ယူနေတဲ့အတွက် လုံခြုံရေး အပြည့်အ၀ရှိတဲ့ အာဖဂန်မြို့တော် ကဘူးလ်မှာ ပုံမှန်အခြေအနေ ပြန်ရောက်နေပြီလို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် အာဖဂန်လူမျိုးအားလုံးကို ထည့်သွင်းစဉ်းစားတဲ့ အားလုံးပါဝင်နိုင်တဲ့ အစိုးရ တစ်ရပ်ထူထောင်ဖို့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။ 

အခုက အာဏာလစ်ဟာနေပြီး ရွေးကောက်ပွဲတွေအတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတာကြောင့် အသစ်ရေးဆွဲပြီးတော့ အတည်ပြုလိမ့်မယ်လို့ ဆိုပါတယ်။

တရုတ်ဟာ အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့စုစည်းမှုမှာ အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး တရုတ်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားကြောင်းပြသတဲ့နိုင်ငံကြီးဖြစ်တယ်လို့လည်း တာလီဘန်က ပြောပါတယ်။ 

အာဖဂန်နစ္စတန်ရှိ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်ပြီး အလုပ်နဲ့ပညာရေးကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နိုင်လိမ့်မှာ ဖြစ်ပြီးတော့ သူတို့ရဲ့အလုပ်အကိုင်အလိုက် သူတို့ရဲ့ ခေါင်းအုပ်ဟီဂျဗ် ဝတ်ဆင်တာကိုလည်း  ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။

တာလီဘန်တွေဟာ နိုင်ငံတကာအသိအမှတ်ပြုခံရရေးအတွက် ဆန္ဒရှိနေပြီး အာဖဂန်နစ္စတန်မှာ အားလုံးပါဝင်နိုင်တဲ့အစိုးရတရပ်ဖြစ်ဖို့နဲ့ အထူးသဖြင့် အမျိုးသမီးတွေအတွက် အခွင့်အရေးတွေကိုလေးစားဖို့ ဖိအားပေးရာမှာ ဒါဟာ လုံခြုံရေးကောင်စီရဲ့ တစ်ခုတည်းသော သြဇာအာဏာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က သြဂုတ် ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ရှာရီယာဥပဒေအရ အာဖဂန်အမျိုးသမီးအခွင့်အရေးကလည်း စိုးရိမ်စရာ အကြောင်းအရာတစ်ခု ဖြစ်လာနေတာပါ။

အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် အာဖဂန်လူမျိုးထောင်ပေါင်းများစွာကတော့ တာလီဘန်ထိန်းချုပ်မှုအောက်ရှိ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးဖို့ အခွင့်အလမ်းအတွက် သြဂုတ် ၁၉ ရက်မှာ ကဘူးလ်လေဆိပ်အပြင်ဘက်မှာ စောင့်ဆိုင်းခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ သြဂုတ်  ၁၉ ရက်က ကဘူးလ်လေဆိပ်အပြင်ဘက် လူအုပ်ကြီးထဲ ကနေ ကလေးငယ်လေး တစ်ယောက် သံစည်းရိုးပေါ်ကို မြောက်တက်လာပြီး ကဘူးလ်လေဆိပ်မှာ စောင့်ကြပ်နေတဲ့ အမေရိကန်စစ်သား တစ်ယောက်လက်ထဲ ရောက်ရှိသွားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး တာလီဘန်တွေ ရုတ်တရက် အာဏာပြန်ရလာတာကို ကြောက်ရွံ့နေတဲ့ အာဖဂန်လူမျိုးတွေအကြား စိတ်ပျက်အားငယ်မှုကို မြင်သာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up