တာလီဘန်များကို ကုလသမဂ္ဂကစောင့်ကြည့်မည်၊ အီးယူက စေ့စပ်ညှိနှိုင်းမည်

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေရဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်လို့ လက်တွေ့ လုပ်ရပ်တွေကို ကြည့်ဖို့လိုလိမ့်မယ်လို့ ကုလသမဂ္ဂပြောခွင့်ရ စတက်ဖနီဒူဂျာရစ်က သြဂုတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဥရောပသမဂ္ဂ အီးယူကတော့ အာဖဂန်နစ္စတန်နိုင်ငံကို တရားဝင်အုပ်ချုပ်သူတွေအဖြစ် တာလီဘန်တွေကို အသိအမှတ်မပြုခဲ့ရင်တောင်မှ အာဖဂန်ပြည်သူတွေကို ပံ့ပိုးဖို့ တာလီဘန်တွေနဲ့ စေ့စပ်ညှိနှိုင်းသွားရမယ်လို့ အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရယ်က သြဂုတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
အီးယူရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးအပြီးမှာ ဘော်ရယ်က လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဘေးအန္တရာယ် အလားအလာတွေကို ဟန့်တားဖို့ ဆွေးနွေးပွဲ မကြာခင်စဖို့ လိုတယ်လို့လည်း ပြောပါတယ်။
အီးယူရဲ့ ထိပ်တန်းဦးစားပေးဟာ အီးယူဝန်ထမ်းတွေနဲ့ အာဖဂန်က ကူညီသူတွေကို ကဘူးလ်ကနေ ဘေးကင်းရာကို ကယ်ထုတ်ဖို့ပဲလို့လည်း ဘော်ရယ်က ပြောပါတယ်။
အီးယူအတွက် အလုပ်လုပ်ပေးနေတဲ့ အာဖဂန် ဒေသခံတွေနဲ့ သူတို့မိသားစုတွေ အပါအဝင် ၄၀၀ နီးပါး ရှိပါတယ်။
တာလီဘန်တွေက မြို့တော်ကို သိမ်းအပြီး ပထမဆုံး တရားဝင် သတင်းစာရှင်းလင်းပွဲမှာ သူတို့ဟာ တခြားနိုင်ငံတွေနဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးကို လိုလားတယ်။ အစ္စလာမစ်ဥပဒေ ဘောင်အတွင်းက အမျိုးသမီးအခွင့်အရေးကို လေးစားမယ်လို့ ပြောပါတယ်။
သူတို့ရဲ့ ကြေညာချက်ဟာ အသေးစိတ်အချက်တွေ မပါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ က သူတို့ အုပ်ချုပ်ချိန်က လေသံထက် ပိုပျော့ပျောင်းတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
အမေရိကန်နဲ့ တခြားအနောက်မဟာမိတ် အစိုးရတွေကတော့ သူတို့ရဲ့သံတမန်တွေနဲ့ နိုင်ငံသားတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။