အမေရိကန်အထူးသံတမန် တောင်ကိုရီးယားသို့ ရောက်ရှိ

မြောက်ကိုရီးယားက လုံခြုံရေးအကျပ်အတည်းကို ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး မပြေမလည်ဖြစ်နေချိန်မှာပဲ မြောက်ကိုရီးယားအတွက် အမေရိကန်အထူးသံတမန် ဂင်မ်ဆုန်ဟာ သြဂုတ် ၂၁ ရက်မှာ တောင်ကိုရီးယားကို ရောက်ရှိလာပါတယ်။
သူ့ရဲ့ လေးရက်ကြာခရီးစဉ်အတွင်းမှာ သူဟာ တောင်ကိုရီးယားသမ္မတ နိုဂယူဒေါက်နဲ့ တခြားအရာရှိတွေကို တွေ့ဆုံမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ တောင်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနတို့က ပြောပါတယ်။
အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရောက်ချင်း သူက သတင်းထောက်တွေကို ပြောကြားတာမှာ “ဒီခရီးစဉ်ဟာ အလွန်အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ မျှော်လင့်ထားပြီး ဒီခရီးစဉ်အတွင်း စနေနေ့မှာပဲ တောင်ကိုရီးယားကိုရောက်ရှိလာမယ့် ရုရှားမိတ်ဖက် အီဂေါရ် မာရ်ဂူလော့ဗ် အသံထွက်နဲ့ တွေ့ဆုံဖို့လည်း အတည်ပြုပါတယ်။
ဂင်မ်ဆုန်ဟာ ဆိုးလ်ကို နောက်ဆုံးအကြိမ် လာရောက်ခဲ့တဲ့ ဇွန်လတုန်းက မြောက်ကိုရီးယားမှ အမေရိကန်ကို အပြုသဘောဆောင် တုံ့ပြန်မှုတစ်ခု တောင်းဆိုခဲ့ပြီး အချိန်မရွေး၊ နေရာမရွေး ကြိုတင်သတ်မှတ်ချက်မထားဘဲ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ဒီသီတင်းပတ်မှာ နှစ်စဉ် လုပ်နေကျ စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့ပြီး၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရာထူးအနိမ့်ဆုံးပုဂ္ဂိုလ်တွေနဲ့ ကွန်ပျူတာ ပုံစံတူ လေ့ကျင့်မှုတွေ လုပ်ပြီးတော့ လူကိုယ်တိုင် တိုက်ရိုက်ကွင်းဆင်းလေ့ကျင့်မှု မရှိပါဘူး။
မြောက်ကိုရီးယားကတော့ ဒီစစ်ရေးလေ့ကျင့်မှုကို စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုတစ်ခုအဖြစ် မြင်ထားပြီး တောင်ကိုရီးယားကို ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေတာကို အန္တရာယ်ဖြစ်စေလိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
ကိုရီးယားနှစ်နိုင်ငံအကြား ဆက်သွယ်တဲ့ အရေးပေါ်ဖုန်းလိုင်းကို ပြုံယမ်းကနေ ပိတ်ချထားပြီး တနှစ်လောက်အကြာ ပြီးခဲ့တဲ့လကမှ ပြန်ဖွင့်ပေးထားတာပါ။
ပြီးခဲ့တဲ့အပတ်က စတင်ခဲ့တဲ့ လေ့ကျင့်ခန်းတွေအတွက် အကြိုလေ့ကျင့်ပြီး မကြာခင်မှာပဲ မြောက်ကိုရီးယားဟာ အရေးပေါ်ဖုန်းလိုင်း ဖြေကြားခြင်းကို ရပ်တန့်လိုက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ညီမ ကင်မ်ယိုဂျောင်းဟာ တောင်ကိုရီးယားကို မရိုးမသား ဆိုးရွားကောက်ကျစ်တဲ့ အပြုအမူတွေ လုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။