ရုရှားအတိုက်အခံ နာဗလ်နီ အဆိပ်သင့်မှုနှင့်ပတ်သက်ပြီး လူ ၇ ဦးကို ဗြိတိန် ဒဏ်ခတ်

ရုရှားရဲ့ ကရင်မလင်အစိုးရကို ဝေဖန်သူ အလက်ဆီနာဗလ်နီ အဆိပ်သင့်မှုမှာ ရုရှား ထောက်လှမ်းရေးအဖွဲ့တွေ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိတာကြောင့် လူပုဂ္ဂိုလ် ၇ ဦးကို ဒဏ်ခတ်ပိတ်ဆို့ထားမှု အသေးစိတ်ကို ဗြိတိန်က သြဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
နာဗလ်နီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၀ ရက်က ဆိုက်ဘေးရီးယားမှာ အဆိပ်ခတ်ခံရပြီးနောက်မှာ စစ်တပ်သုံး အာရုံကြောအဆိပ်လို့ အနောက်တိုင်းပညာရှင်တွေရဲ့ ကောက်ချက်ချမှုနဲ့အတူ ဂျာမနီနိုင်ငံကို ဆေးကုသမှု သွားရောက် ခံယူခဲ့ရပါတယ်။
မော်စကိုအစိုးရကတော့ အဲ့ဒီတွေ့ရှိချက်တွေကို ငြင်းပယ်ခဲ့ပြီး ဒါဟာ အနောက်နိုင်ငံတွေရဲ့ အပုပ်ချတဲ့ လှုံ့ဆော်မှုလို့ စွပ်စွဲခဲ့ပါတယ်။
နာဗလ်နီဟာ ဒီနှစ်အစောပိုင်းက ရုရှားကို ပြန်သွားချိန်မှာ နိုင်ငံရေးလှုံ့ဆော်မှုစွပ်စွဲချက်တွေနဲ့ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ချိုးဖောက်ပြီး ထောင်ချခဲ့ပါတယ်။
နာဗလ်နီ အဆိပ်သင့်မှု တစ်နှစ်ပြည့်ချိန်မှာ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေး၊ ဓနသဟာယနှင့်ဖွံ့ ဖြိုးရေးရုံး ၀က်ဘ်ဆိုက်က ထုတ်ဝေထားတဲ့ ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်း နောက်ဆုံး ဗားရှင်းမှာ နာမည်အသစ် ၇ ခုနဲ့ ပိုင်ဆိုင်မှု ရပ်ဆိုင်းခြင်းအတွက် အထောက်အထားတွေ ပြထားပါတယ်။