close

ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်ရန် ပျူစောထီးအဖွဲ့များကို စေခိုင်းထား

ရဲတပ်ဖွဲ့ဝင်တွေကို PDF အဖွဲ့တွေက သတ်သယောင် အများပြည်သူအထင်မှားအောင် လုပ်ကြံသတ်ဖြတ်ဖို့ ပျူစောထီးအဖွဲ့တွေကို စစ်တပ်က စေခိုင်းထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ပင်စင်စားရဲမှူးကြီးတစ်ဦးက “အဓိကကတော့ PDF လူငယ်တွေကို ပုဒ်မအမျိုးမျိုးတပ်ဖမ်းချင်ကြတာပဲ။  ပျူစောထီးအဖွဲ့တွေကို လက်နက်အပြည့်အစုံပေးထားတာ။ ရဲတွေကို လုပ်ကြံဖို့ တပ်ဘက်က ခိုင်းထားတယ်။ ပြီးရင် PDF တွေ သတ်တယ်လို့ လူတွေ အထင်မှားလာအောင်၊ ဗုံးခွဲမှု တော်တော်များများလည်း ပျူစောထီးတွေ လက်ချက်ပဲ။ ရဲတွေကို PDF တွေ သတ်တယ်ဆိုတာမျိုး နိုင်ငံတကာစာမျက်နှာပေါ် ရောက်စေချင်တဲ့သဘောပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

လူတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်လုပ်ရက်တွေ လုပ်ကြံမှု အတော်တော်များများက သူတို့လူသူတို့ ပြန်သတ်တာမျိုး ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်နေတာလို့ ရဲမှူးဟောင်းက ဆက်ပြောပါတယ်။ 

စစ်ကောင်စီက ခုရက်ပိုင်းအတွင်း ရပ်ကွက်တွေထဲ ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေပြီး တွေ့ရာကြုံရာ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်ကာ ဖောက်ခွဲမှုတွေမှာ ပုဒ်မအမျိုးမျိုးတပ် ဇာတ်လမ်းဆင်ပြီး စစ်တပ်ဩဇာခံမီဒီယာတွေကနေ ထုတ်လွှင့်နေပါတယ်။  

ပြီးခဲ့တဲ့ ရက်ကလည်း စမ်းချောင်းဘက်မှာ ဧည့်စာရင်းစစ်သလိုလိုနဲ့ လူငယ်တွေကို လိုက်ဖမ်းနေတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။ 

“သူတို့လုပ်ထားတဲ့ အကြမ်းဖက်မှုတွေအတွက်ကလေးတွေကိုအတင်းဖမ်းဆီးပြီး ပုဒ်မတပ်နေတာပါ။ ဒလန်ဆီက သတင်းရတာနဲ့ အတင်းဝင်ဖမ်းတော့တာပဲ။ ဟိုနေ့ကလည်း တာမွေမှာ ဝင်ဖမ်းတာ မိန်းကလေးတွေပါ ပါသွားတယ်။”  

NUG က မကြာခင် D-Day ကြေညာတော့မယ်လို့ သတင်းတွေထွက်ပြီးနောက်မှာ ညဘက်လှည့်ကင်းတွေနဲ့ ရပ်ကွက်ထဲ ဝင်မွှေတာတွေ ပိုများလာတယ်လို့  ရန်ကုန်မြို့ခံ လူငယ်တစ်ဦးကလည်း ပြောပါတယ်။

Photo-PoliceDep

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up