ကရင်ပြည်နယ် မြဝတီမြို့ ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ် ၁ အနီးမှာ မြန်မာစံတော်ချိန် ည ၁၀ နာရီ မိနစ် ၂၀ လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ကြပ် ၁ ဦးနဲ့ ရဲတပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပေါက်ကွဲသံ ကျယ်လောင်စွာကြားရပြီး နေအိမ်မှာပါ တုံခါမှု ဖြစ်ပွားခဲ့ကြောင်း၊ အခုလို ပေါက်ကွဲမှုမှုမျိုး တခါမှ မကြုံဖူးဘူးလို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
“တော်တော်ကျယ်တယ်၊ တော်တော် အထိတ်တလန့်ပဲ၊ ဒီအသံမျိုးက တော်တော်ကြီးကြီးမားပဲ၊ နယ်စပ်မှာ ဒီအသံမျိုး မကြားဖူးဘူး။ တံတားထိပ်မှာ ဖြစ်တာပေါ့နော်၊ မီးတောက်ကြီး လင်းသွားပြီးတော့။ အိမ်တွေပျက်စီးတယ်၊ အဆောက်အဦတွေ ပျက်စီးတယ်” လို့ ပြောပါတယ်။
အခုလို ပေါက်ကွဲမှု အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် မြဝတီမြို့နေ ပြည်သူတွေဟာ လုံခြုံမှုမရှိသလို ခံစားနေကြရပြီး အကြောက်တရားနဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး ဖောက်ခွဲမှုဟာ စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတဖွဲ့ဖွဲ့က ပြုလုပ်တာ ဖြစ်နိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် အဲဒီနေရာတဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ၁၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မြန်မာ့အရေး စောင့်ကြည့်နေတဲ့ ထိုင်းအမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အပြောကို ကိုးကားပြီး ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
ဟိုင်းလပ်ကား ၁ စီးနဲ့ လက်နက်ကိုင် ၁၀ ဦး တင်ဆောင်လာတာဖြစ်ပြီး ပစ်ခတ်ပြီးတဲ့နောက် မြဝတီမြို့တောင်ဘက်အရပ်ကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ AEC အာစီယံထိုင်းသတင်းမှာတော့ ပေါက်ကွဲမှုကြောင့် သေဆုံးမှုတွေရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့နဲ့ မီးသတ်ကားတွေ လာရောက်နယ်မြေရှင်းလင်းပြီး လဝကရုံးအနီး လူသွားလမ်းနံဘေးမှာ မီးလောင်ထားတဲ့ကား ၁ စီးကို တွေ့ရကြောင်း၊ အဆိုပါကားဟာ ဖောက်ခွဲမှုအတွက် အသုံးပြုခဲ့တဲ့ ကားဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး ရောင်းဝယ်ဖောက်ကား စီးပွားရေးအချက်အချာကျတဲ့နေရာဖြစ်ကြောင်း၊ ၄ ထပ်တိုက်ခန်းတွဲ အပါအဝင် ဈေး ဆိုင်တန်းတွေ၊ တိုက်ခန်းနဲ့ လူနေအိမ်တွေ ပျက်စီးပြီး မော်တော်ကားအနည်းဆုံး ၂ စီးမီးလောင်တယ်လို့ MGR Online သတင်းမှာ ဖော်ပြပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ထုတ်ပြန်ခြင်းမရှိသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း သူတို့လက်ချက်ဖြစ်တယ်ဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
အင်းစိန်မြို့ပတ်ရထားပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်သတ်ပြီး လက်နက်/ခဲယမ်းတွေယူသွားတဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့သူ ၅ ဦးကို ဖမ်းဆီးရမိတယ်လို့ စက်တင်ဘာ ၅ ရက်ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ပတ်ရထားပေါ် အလုံဘူတာနဲ့ ပန်းလှိုင်အကြားမှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ရဲလုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ လက်နက် ၄ လက်နဲ့ ခဲယမ်းတချို့ပါသွားတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်သမားတွေ အသုံးပြုခဲ့တဲ့ တက္ကစီယာဉ်မောင်းမှ တဆင့် ဆက်စပ်သူတွေကို စုံစမ်းရှာဖွေရာမှာ စက်တင်ဘာ ၃ ရက်မနက်က တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်နေ မသင်္ကာဖွယ် ၃ ဦး ဖြစ်တဲ့ ကျော်ဝင်းစိုး(ခ)ကျော်ကြီး(၃၃)နှစ် (ပခုက္ကူဇာတိ)၊ ကောင်းပြည့်စုံဦး(ခ) စိန်စိန်(ခ)ကတုံးမ(၂၇)နှစ် (မရမ်းကုန်း)၊ ဆန်းမင်းအောင်(၂၄)နှစ်၊ (ဒေးဒရဲ)တို့ကို တွေ့ရှိထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ရဲ့ထွက်ဆိုချက်တွေအရ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်မှာ ဆက်လက်သွားရောက်ရှာဖွေရာ မြတ်ဖြိုးပွင့်ကို တွေ့ရှိခဲ့ပြီး အခန်းတွင်း အသေးစိတ်ရှာဖွေခဲ့ရာ ဂစ်တာအိတ် (၂) အိတ်အတွင်း ထည့်ထားတဲ့ လက်နက် ၄ လက်ကို တွေ့ရှိခဲ့ပြီး အဲဒီလက်နက်တွေဟာ မီးရထားရဲတပ်ဖွဲ့ဆီက ယူသွားတဲ့ လက်နက်တွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းမှာ စွပ်စွဲဖော်ပြထားတာတွေဟာ မှန်ကန်မှုရှိမရှိကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီအမှုနဲ့ပတ်သက်လို့ ဖြစ်စဉ်ပါ တိမ်းရှောင်နေသူတွေကို ဆက်လက်ဖမ်းဆီးရမိရေးနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီသတင်းစာမှာ ရေးပါတယ်။
ဩဂုတ် ၁၄ ရက်က ရန်ကုန်-အင်းစိန်ရထားပေါ် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေနတ်နဲ့ ပစ်ခံရတဲ့ ဖြစ်စဉ်မှာ ဒုတပ်ကြပ် ဝင်းဇော်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်၊ တပ်သား ထိန်လင်းအောင်တို့ နေရာတွင်ဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသွားတဲ့ တပ်ကြပ် မြင့်ဌေးနဲ့ တပ်ကြပ် ကျော်ဇင်တို့ကို ဆေးရုံကို ပို့ဆောင်ကုသချိန် တစ်ဦးထပ်မံသေဆုံးသွားတာ ဖြစ်ပါတယ်။
PHOTO-DSINFO