close

မက္ကဆီကိုတွင် ဟာရီကိန်းမုန်တိုင်း တိုက်သဖြင့် ၈ ဦးထက်မနည်းသေဆုံး

ဂရေ့စ်လို့ နာမည်ပေးထားတဲ့ ဟာရီကိန်းမုန်တိုင်းဟာ မက္ကဆီကိုနိုင်ငံကို  သြဂုတ် ၂၁ ရက်က ဖြတ်သန်းတိုက်ခတ်လို့ လူ ၈ ဦးထက် မနည်းသေဆုံးခဲ့ပါတယ်။

နှစ်အတော်များများအတွင်း မက္ကဆီကို ပင်လယ်ကွေ့ကို ဝင်ခဲ့တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်ခဲ့တာမို့ ဆိုးဆိုးရွားရွား ရေကြီးပြီး ရွှံ့မြေတွေ ပြိုကျခဲ့တာပါ။

လေတိုက်နှုန်း ၁ နာရီ ၁၂၅ မိုင်နဲ့ တိုက်ခတ်ခဲ့လို့ အဆင့် ၅ ဆင့်ရှိတဲ့ ဆက်ဖီယာ ဆင်မ်ဆွန် စနစ်အရ အဆင့် ၃ ဟာရီကိန်းမုန်တိုင်း ဖြစ်ခဲ့ပါတယ်။

မနက်အစောပိုင်းမှာတော့ ဗေရာခရုဇ်ပြည်နယ် တေကိုလွတ်လာ အပန်းဖြေစခန်းနားကနေ မုန်တိုင်းက ကုန်းတွင်းကို ဝင်ရောက်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပြတင်းပေါက်တွေ၊ လျှပ်စစ်ဓာတ်အား လိုင်းတွေ၊ ကြေးနန်းတိုင်တွေ သစ်ပင်တွေ ပျက်စီးပြိုလဲခဲ့ပြီး အပျက်အစီးတွေ တမြို့လုံးမှာ ပြန့်ကျဲနေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ 

မုန်တိုင်းဟာ အမြန် အားပျော့သွားကာ တောင်ထူတဲ့ ကုန်းတွင်းပိုင်းဆီကို ရွေ့လျား တိုက်ခတ်နေပြီး ညနေ ၄ နာရီ လောက်မှာ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းကို လေတိုက်နှုန်း  ၁ နာရီ ၂၅ မိုင်နဲ့ ဆက်လက် တိုက်ခတ်ကာ လောလောဆယ် မက်ဆီကိုစီးတီးမြို့တော်ရဲ့ အနောက်မြောက် အရပ် ၆၅ မိုင် အကွာကို ဗဟိုပြုနေတယ်လို့ မိုင်ယာမီအခြေစိုက်အမျိုးသား ဟာရီကိန်းဌာန (NHC) က ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up