ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးရန် ဆန္ဒပြသူ ၃၅ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစီမံကိုင်တွယ်မှုညံ့ဖျင်းလို့ဆိုပြီး ဝန်ကြီးချုပ် ပရာယုတ်ကျန်အိုးချားနဲ့ အစိုးရကို နေ့စဉ်လို ဆန္ဒပြနေကြရာမှာ ဩဂုတ် ၂၂ ရက် ယမန်နေ့က ဆန္ဒပြသူနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ပြီး ထိုင်းရဲ ၂ ဦး ဒဏ်ရာရကာ ဆန္ဒပြသူ ၃၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။
မနေ့ကဘန်ကောက်ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့ အဖွဲ့ကြီး ၂ ဖွဲ့ရှိပြီး ထလုဖာ့လို့ခေါ်တဲ့အဖွဲ့က ညနေ ၃ နာရီလောက် ခေါက်ဝိုးမီးပွိုင့်မှာစုဝေးပြီး ဒီမိုကရေစီကျောက်တိုင်သို့ ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ရောင်စုံအားကစားပွဲပုံစံ ဆန္ဒပြခဲ့ကြောင်း၊ စုရပ်မှာ လမ်းပိတ်ဆို့ အသံချဲ့စက်အသုံးပြုပြီး ဟောပြောရာမှာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ညနေ ၅ နာရီမှာ ရပ်နားဖို့ပြောပေမယ့် ည ၇ နာရီခွဲထိ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အဖွဲ့ထဲမှာ ပြီးခဲ့တဲ့အပတ်က ရဲကဆန္ဒပြပွဲဖြိုခွင်းလို့ မျက်စိတဖက်ကွယ်သွားခဲ့တဲ့ လူငယ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
နောက်တဖွဲ့ကတော့ ထလုကက်စ်လို့အမည်ရပြီး ညနေ ၅ နာရီလောက် ဒင်ဒဲန်သုံးမြှောင့်အဝိုင်းမှာ လာရောက်စုဝေးခဲ့ကြောင်း၊ လုံခြုံရေးရဲတွေက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲရာမှာ ဆန္ဒပြသူဘက်ကလည်း ကျောက်ခဲ၊ လေးဂွ၊ ဗျောက်အိုးအစရှိတာတွေနဲ့ ရဲတွေကိုပြန်ပစ်လို့ ၂ ဘက် ရုန်းရင်းဆန်ခတ်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးရာမှာ ဆန္ဒပြသူ ၃၅ ဦးနဲ့ ဆိုင်ကယ် အစီး ၂၀ ကို သိမ်းဆည်းခဲ့ကြောင်း ၊ သူတို့ကို အရေးပေါ်ဥပဒေဖောက်ဖျက်မှု၊ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေဖောက်ဖျက်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတွေနဲ့ ကနဦးအရေးယူသွားမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ပီယထဝီချိုင်းက ယမန်နေ့ည သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကနေ ယမန်နေ့ထိ ဆန္ဒပြခေါင်းဆောင် ၁၆ ဦး ဖမ်းဆီးထားကာ လုံခြုံရေးတပ်ဖွဲ့မှ ဆန္ဒပြသူတွေပေါ် စွဲချက်တင်ထားတဲ့ အမှုပေါင်း၁၁၆ မှုရှိကြောင်း၊ အဲဒီထဲမှာ အထက်ဖော်ပြပါ အရေးပေါ်ဥပဒေ၊ ကိုဗစ်-၁၉ ဥပဒေဖောက်ဖျက်မှုအပါအဝင် လူ ၁၀ ဦးထက်ပို စုဝေးတဲ့အမှု ၊ ဆူပူလှုံ့ဆော်မှု၊ အများပြည်သူအားအနှောင့်အယှက်ပေးမှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖော က်ဖျက်မှု၊ ကညန ဥပဒေ၊ မြူနီစီပါယ်ဥပဒေ ဖောက်ဖျက်မှုတွေပါဝင်တယ်လို့ ရဲမှူးကြီး ပီယ ထဝီချိုင်းက ပြောသွားပါတယ်။
ဆန္ဒပြသူတွေဟာ ဒီကနေ့ညနေပိုင်းမှာလည်း ဝန်ကြီးချုပ်နုတ်ထွက်ရေး ဆက်လက်ဆန္ဒပြဖို့ ရှိနေပါတယ်။