close

ထောင်တွင်း ကိုဗစ်ကူးခံရပြီး ကျဆုံးခဲ့သည့် CDM ကျောင်းဆရာ အပါအဝင် ကျဆုံးပြည်သူ ၁၀၁၃ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လနီးပါးအကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၁၃ ယောက်ထိ ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၄၄၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၈၂၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအ ဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

       တောင်ကြီးမြို့နယ်၊ သိမ်ကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ မူလတန်းပြဆရာ ဦးစိုးလွင်လွင်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး တောင်လေးလုံး(ညောင်ရွှေ) အ ကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရစဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ဩဂုတ် ၂၂ ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်နေ့ ညနေပိုင်းမှာပဲ အကြမ်းဖက်စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ် ရေးမှူးရဲ့ သတင်းပေးမှုကြောင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာ အတွင်းကို အကြမ်းဖက်စစ်အုပ်စုက သေနတ်တွေပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၅ ယောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့ချိန်မှာ လူငယ်တယောက်ဖြစ်တဲ့ ကိုချစ်ရဲရင့်ရဲ့ နဖူးကို ကျည်ထိမှန်ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာက ကိုမောင်အေးနဲ့ သူနာပြုဆရာမ မနွဲ့နွဲ့အေးတို့ ဇနီးမောင်နှံဟာ ဩဂုတ် ၂၁ ရက်၊ ည ၈ နာရီလောက်က စိုက်ပျိုး ရေးလုပ်ငန်းသုံးဆေးတွေ ရောင်းချပြီး ဆိုင်ကယ်နဲ့ ပြန်လာချိန် လုံခြုံရေးကင်းလှည့် နေတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်သားတွေနဲ့ တွေ့ကာ ပစ်သတ်ခံခဲ့ရပါတယ်။ ကိုမောင် အေးမှာတော့ ဦးခေါင်းနဲ့ မနွဲ့နွဲ့အေးမှာ ဝမ်းဗိုက်နေရာတွေမှာ သေနတ်ကျည်ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up