ဗင်နီဇွဲလားအနောက်ပိုင်း မိုးကြီးပြီး မြေပြိုသဖြင့် ၁၆ ဦးထက်မနည်း သေဆုံး

ဗင်နီဇွဲလားနိုင်ငံအနောက်ပိုင်း မေရီဒါပြည်နယ်မှာ မိုးကြီးပြီး ရွှံ့မြေပြိုကျတဲ့အပြင် မြစ်တွေ ရေလျှံခဲ့လို့ လူ ၁၆ ယောက်ထက်မနည်း သေဆုံးတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လူ ၁၇ ယောက် ပျောက်နေဆဲ ဖြစ်ပြီး အိမ်ခြေ ၁၂၀၀ ကျော် ပျက်စီးခဲ့ရာမှာ ကယ်ဆယ်ရေး လုပ်သားတွေက အပျက်အစီးတွေကြားမှာ ပိုက်စိပ်တိုက် ရှာနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုမန် ဂွေဗာရာက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
ရေဘေးသင့်မြို့ အတော်များများမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ရေဘေးကြောင့် ထရန်စဖော်မာတွေ ပျက်စီးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရေဘေးသင့်ဒေသကို ကူညီဖို့ ပြည်ထောင်စုအစိုးရမှာရော မြူနီစီပယ်အစိုးရမှာပါ အရင်းအမြစ်တွေ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ရေဘေးသင့်ဒေသဟာ စိုက်ပျိုးရေးဇုန်ဖြစ်ပြီး နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေကို စားနပ်ရိက္ခာ ပံ့ပိုးနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။