အိန္ဒိယတွင် မြေပြို ကားများပိပြီး လူ ၁၀ ဦးထက်မနည်းသေဆုံး

အိန္ဒိယနိုင်ငံကတောင်ထူတဲ့ ဟိမချယ်ပရာဒေ့ရှ်ပြည်နယ်မှာ သြဂုတ် ၁၁ ရက်က မြေပြိုလို့ ကျောက်တုံးကြီးတွေက အဓိကအဝေးပြေးလမ်းမပေါ်ကို ကျလာ ကားတော်တော်များများ မြေအောက်မြုပ်ခဲ့တဲ့အတွက် လူ ၁၀ ယောက်ထက် မနည်း သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။
အပျက်အစီးတွေအောက်က ဘတ်စ်ကားအတွင်း ခရီးသည်တွေ အပါအဝင် လူ အယောက် ၃၀ လောက် ပိတ်မိနေတုန်းပဲလို့ အိန္ဒိယတိဘန်နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပြောခွင့်ရက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ညလုံးပေါက် ဆက်လုပ်နေ တယ်လို့ အခင်းဖြစ်ရာ ခရိုင်ကထိပ်တန်းအစိုးရ အရာရှိ တစ်ယောက်က ပြောပါတယ်။
ဆတ်လွတ်ဂျ်မြစ်တလျှောက် အိန္ဒိယမြောက်ပိုင်းနဲ့ တရုတ်နယ်စပ်ကို ချိတ်ဆက်ထားတဲ့ အမှတ် ၅ အမျိုးသားအဝေးပြေး လမ်းမတလျှောက် စစ်တပ်၊ အရန်တပ်နဲ့ ဒေသခံ ရဲတွေက အလုပ်လုပ် နေကြဆဲပါ။
မနေ့ လွဲပိုင်းက ဖြစ်တဲ့ မြေပြိုမှုကြောင့် အဝေးပြေး လမ်းပေါ်မှာ မီတာ ၁၅၀ လောက် ပိတ်ဆို့သွားတယ်လို့ ဒေသခံရဲချုပ်က ပြောပါတယ်။
ဇူလိုင် နှောင်းပိုင်းကလည်း ဒီခရိုင်ထဲက တခြားနေရာမှာ မြေပြိုလို့ လူ ၉ ဦးထက် မနည်း သေဆုံးပြီး ဒါဇင်ချီတဲ့ လူတွေ ပိတ်မိနေခဲ့ဖူးပါတယ်။