close

စီးပွားရေးနှင့်လူမှုရေး မူဝါဒများအတည်ပြုရန် ကိုလံဘီယာနိုင်ငံသား ထောင်ချီဆန္ဒပြ

ကိုလံဘီယာနိုင်ငံမှာ သြဂုတ် ၂၆ ရက်က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ သမဂ္ဂနောက်ခံပြု လူမှုရေးနဲ့စီးပွားရေးမူဝါဒတွေကို အတည်ပြုဖို့ တိုက်တွန်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီမူဝါဒတွေဟာ နိုင်ငံရဲ့ထိခိုက်လွယ် အင်အားအနည်းဆုံးသူတွေကို အကျိုးရှိစေလိမ့်မယ်လို့ ထောက်ခံသူတွေက ပြောကြပါတယ်။ 

ဩဂုတ် ၂၅ ရက်က လွှတ်တော်စီးပွားရေးကော်မတီတွေက အတည်ပြုခဲ့တဲ့ ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံတန် အခွန်ပြုပြင်ပြောင်းလဲရေးပုံစံသစ်ဟာ ကြာသပတေးနေ့က ချီတက်သူများ စွာကို ဒေါသထွက်စေခဲ့တာပါ။ 

ဒီဥပဒေက ကော်ပိုရိတ်အခွန်တွေကို မြှင့်တင်ပေးပြီး အသုံးစရိတ်ဖြတ်တောက်မှုအချို့ကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ 

ဆန္ဒပြပွဲတွေကို စီစဉ်တဲ့ သမဂ္ဂတွေနဲ့ တခြားသူတွေကတော့ လစဉ်အခြေခံဝင်ငွေ ၂၃၅ ဒေါ်လာရရှိတဲ့ ဆင်းရဲတဲ့မိသားစု ၇ သန်းခွဲအတွက် ၁၃ လတာငွေကြေး၊ အခမဲ့ တက္ကသိုလ်ပညာရေးနဲ့ အသေးစားလုပ်ငန်းများအတွက် ငွေကြေးအကူအညီတွေ ပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ထပ်ရွေးချယ်စရာ အစီအစဉ်တခုကို တွန်းအားပေးနေတာပါ။

 ဥပဒေကြမ်းတွေကတော့ ဥပဒေပြုအမတ်တွေအကြား ထောက်ခံမှုနည်းပါးပုံရပါတယ်။ ကွန်ဂရက်က လူထုတွေရဲ့စကား နားထောင်ချင်ပုံမရဘူးလို့ အလုပ်သမားများ ဗဟိုသမဂ္ဂရဲ့ဥက္ကဌ Francisco Maltes က ရိုက်တာကို ပြောကြားခဲ့ပါတယ်။

လာမယ့်သြဂုတ်လမှာ ရာထူးကနေ နုတ်ထွက်မယ့် သမ္မတ Ivan Duque ဟာ အခွန်ဥပဒေကြမ်းအတွက် အတည်ပြုချက်ရမယ့်ပုံ ပေါ်ပါတယ်။ 

ဒါပေမယ့် သူ့အစိုးရက ချပြခဲ့တဲ့ သိပ်မထင်ပေါ်ခဲ့တဲ့ အဆိုပြုချက်တွေဟာ အတည်ပြုနိုင်ဖို့ အခွင့်အလမ်း နည်းပါးတယ်လို့ လေ့လာသုံးသပ်သူတွေနဲ့ ဥပဒေပြုအမတ်တွေက ပြောပါတယ်။

အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားအဖွဲ့အစည်းများနဲ့ တခြားအဖွဲ့တွေဟာ အခွန်ပြုပြင် ပြောင်းလဲမှုနဲ့ နက်ရှိုင်းတဲ့ မညီမျှမှုကို ဆက်လက်ဖြစ်စေလိမ့်မယ်လို့ ပြောကြတဲ့ တခြား ဥပဒေကြမ်းတွေကို ပယ်ဖျက်ဖို့ ဧပြီလကုန်နဲ့ ဇွန်လအကြား ၆ ပတ်ကြာ ချီတက်ဆန္ဒပြခဲ့ ကြတာပါ။ 

ဆန္ဒပြပွဲတွေနဲ့ဆက်နွှယ်တဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ပို့ကုန်တွေရပ်တန့်သွားပြီး ကုန်ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ခဲ့ပါတယ်။ 

အခွန်ဆိုင်ရာပြုပြင်မှုတွေလည်း နောက်ပိုင်းမှာ ပြန်ရုပ်သိမ်းသွားပါတယ်။ ဇွန်လက ချီတက်ပွဲတွေကို ယာယီဆိုင်းငံ့ခဲ့တဲ့ သပိတ်ကော်မတီဟာ ဆန္ဒပြပွဲတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့တဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ကို ပယ်ဖျက်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up