close

ရခိုင်ပြည်နယ်တွင် ဒီရေတောများ ပိုမိုခိုးယူခုတ်လှဲမှုရှိလာသဖြင့် ပျက်စီးမှုများလာ

ရခိုင်ပြည်နယ်မှာ ဒီရေတော ဧက ၄၀၀၀၀၀ ကျော်ရှိရာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဒီရေတောတွေကို အရင်တုန်းကထက် ခိုးယူခုတ်လှဲတာ တွေများလာနေတဲ့အတွက် ဒီရေတောတွေ ပျက်စီးလာနေတယ်လို့ ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA)ကနေ သိရပါတယ်။

ရခိုင်ကမ်းရိုးတန်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က “အရင်တုန်းကတော့ ဧက ၄၀၀၀၀၀ ကျော်လောက် ရှိတယ်လို့တော့ စာရင်းဇယားအရ သိရတာပေါ့နော်၊ ဒါပေမဲ့ ၈၈ နောက်ပိုင်းမှာ ပုစွန်ကန်တွေ၊ နောက်လယ်ကာရီတွေ လုပ်တာနဲ့တင် ရခိုင်က ဧရိယာတစ်သိန်းခွဲလောက် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရတာပေါ့။ ကျနော်တို့ကိုယ်တိုင် ပေါက်တောတို့၊ မင်းပြားတို့ ဘက်ကို ရောက်တဲ့အခါကျတော့ အဲဒီပုဇွန်ကန်အပျက်တွေ၊ အများကြီးတွေ့ခဲ့ရတယ်၊ နောက်ဆားကွင်းလုပ်တာတွေရှိတယ်၊ အခုလည်း ဝန်ဖိုက်ဒီရေတောဆိုရင် ရမ်းဗြဲရယ်၊ တောင်ကုတ်ရယ်၊ မြေပုံရယ်၊ ကျောက်ဖြူရယ် ဒီကြားပေါ့၊ အဲဒီဝန်ဖိုက်ဟာဆိုရင်လည်း အမှန်ဆိုကြိုးဝိုင်းတောပေါ့၊ သို့သော်လည်းပဲ လူတွေရဲ့ဗဟုသုတနည်းတာလည်းပါတယ်၊ နောက်တခုကတော့ စီးပွားရေးလုပ်ကိုင်ဖို့ အခွင့်အရေးမရှိတာလည်းပါတာပေါ့၊ ကျနော်တို့ ကြားရတာကတော့ ဌာနဆိုင်ရာတွေမှာလည်း ကိုဗစ်နဲ့ ပြီးတော့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဆိုတော့ လွတ်လွတ်လပ်လပ်သွားလို့မရတဲ့အခါ ခိုးခုတ်တဲ့ဟာတွေပေါ့၊ ခိုးထုတ်မှု ပိုများနေတယ်လို့ ကြားပါတယ်”လို့ ပြောပါတယ်။

ရခိုင်မှာ ဒီရေတောတွေ ပြန်လည်ထိန်းသိမ်းစိုက်ပျိုးတာတွေရှိပေမဲ့  ကြီးကြီးမားမား ထိန်းသိမ်း စိုက်ပျိုးနိုင်တာ မရှိသေးသလို အခုလို ဒီရေတောတွေ ပျက်စီးလာတဲ့အတွက် သဘာဝငါးသယံဇာတတွေ ဆုံးရှုံးလာနေကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိ လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်မှာ အရင်က ဒီရေတောဧက ၄ သိန်းကျော်ရှိတာမှာ ယခုအချိန်မှာတော့ ဒီရေတောဧက ၁ သိန်းကျော်လောက်ပဲ ကျန်ရှိတော့တဲ့အတွက် ပြန်လည်ထိန်းသိမ်းစိုက်ပျိုးဖို့ လိုအပ်​နေသလို ပြည်သူတွေကိုလည်း ဒီ​ရေတောတွေနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ ပိုမိုလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။

(လယ်ကာရီ (ဒေသအခေါ် ) - တာပေါင်များနှင့် ရေငန်များကို တားပြီး ပိတ်ဆို့ထားသည့် အရာ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up