အာဖဂန်ကရွှေ့ပြောင်းနေထိုင်သူများကို လက်မခံနိုင်တော့ဟု တူရကီပြော

တူရကီနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်လာမယ့် လူလှိုင်းလုံးအသစ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ဆက်မယူနိုင်တော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မယ်ဗ်လွတ် ကာဗူဆိုဂလူက သြဂုတ် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးအပြီး ခုလိုပြောလိုက်တာဖြစ်ပြီး ဆီးရီးယား ဒုက္ခသည် အကျပ်အတည်းကို သင်ခန်းစာ ယူသင့်တယ်၊ အာဖဂန်နစ္စတန်က ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေးဟာ အကျပ်အတည်း ဖြစ်လာခဲ့ရင် ဒေသတွင်း နိုင်ငံတွေနဲ့ ဥရောပကို သက်ရောက်လိမ့်မယ်လို့ တူရကီ ဝန်ကြီးက ဆက်ပြောပါတယ်။
အာဖဂန်မှာ တာလီဘန်တွေ အာဏာပြန်ရအပြီး ရွှေ့ပြောင်းနေထိုင်သူတွေအရေးနဲ့ ပတ်သက်လို့ စိုးရိမ် နေကြပါတယ်။
၂၀၁၅ ဒုက္ခသည် အကျပ်အတည်းအတွင်း ဥရောပသမဂ္ဂက စိုးရိမ်ခဲ့ရဖူးတဲ့ အတိတ်ဟာ အာဖဂန်နစ္စတန်က ဖြစ်ရပ်တွေကြောင့် မီးလောင်ရာ ဆီလောင်း ဖြစ်ခဲ့တာပါ။
အရှေ့အလယ်ပိုင်းက ဆင်းရဲမွဲတေမှုတွေနဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာတဲ့ လူ ၁ သန်းနီးပါးလောက်ဟာ ၂၀၁၆ မှာ တူရကီနိုင်ငံကနေ ဂရိနိုင်ငံဆီ ဖြတ်ကူးပြီးတဲ့နောက် ပိုချမ်းသာတဲ့ နိုင်ငံတွေရှိရာ မြောက်ပိုင်းကို ခရီးဆက်ခဲ့ကြ ပါတယ်။
ဒုက္ခသည်တွေ စီးဝင်မှု ဟန့်တားရေးအတွက် ဆီးရီးယားစစ်ပွဲကနေ ထွက်ပြေးလာတဲ့ လူတွေကို တူရကီနိုင်ငံထဲမှာ ထားရှိရေး ဒုက္ခသည်စီမံကိန်းတွေအတွက် ယူရိုငွေ ဘီလျံချီ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂဟာ တူရကီနဲ့ ၂၀၁၆ မှာ သဘောတူညီချက် ရခဲ့ပါတယ်။
တူရကီဟာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်ဦးရေဖြစ်တဲ့ ဆီးရီးယားဒုက္ခသည် အယောက် ၃ ဒသမ ၇ သန်း နဲ့ အာဖဂန် ဒုက္ခသည် အယောက် ၃သိန်းလောက်ကို လက်ခံ ထားပါတယ်။