close

၂၀၂၀ တိုကျို မသန်စွမ်းအားကစားပြိုင်ပွဲတွင် ထိုင်းဝှီးချဲအပြေးသမား ၂ ဦး ငွေနှင့်ကြေး ဆုတံဆိပ်ရ

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၀ တိုကျိုမသန်စွမ်းအားကစားပြိုင်ပွဲမှာ ထိုင်းဝှီးချဲ အပြေးသမား ၂ ယောက်က ပွဲစဉ်တခုတည်းမှာ ငွေနဲ့ ကြေးဆုတံဆိပ်တွေ အသီးသီး ရရှိခဲ့ကြပါတယ်။

သူတို့ နှစ်ယောက်လုံးဟာ အမျိုးသား မီတာ ၁၅၀၀ ပြိုင်ပွဲတခုတည်းမှာပဲ ဆုတံဆိပ်တွေ ရရှိခဲ့ကြတာဖြစ်ပြီး ရွှေတံဆိပ်ဆုကိုတော့ အသက် ၃၅ နှစ်အရွယ် ဆွစ်ဇာလန် ကစားသမား မာဆယ်လ် ဟပ်ဂ်က အချိန် ၂ မိနစ်၊ ၄၉ ဒသမ ၅၅ စက္ကန့်နဲ့ စံချိန်သစ်တင် ရရှိသွားခဲ့တာပါ။

ဒုတိယနေရာကို ရရှိခဲ့သူ အသက် ၄၀ အရွယ် ထိုင်းကစားသမား ပရာဝပ်က အချိန် ၂ မိနစ်၊ ၅၀ ဒသမ ၂၀ စက္ကန့်နဲ့ ပန်းဝင်ခဲ့ကာ တတိယ ကြေးတံဆိပ်ဆုကိုတော့ အချိန် ၂ မိနစ်၊ ၅၀ ဒသမ ၆၈ စက္ကန့်နဲ့ နောက်ထပ် ထိုင်းကစားသမားတယောက်ဖြစ်တဲ့ ဖူသရက်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ တိုကျိုမသန်စွမ်းအားကစားပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲအပြီး ၁၆ ရက်အကြာ ဩဂုတ် ၂၄ရက်က စတင်ကာ ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကိုလည်း ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပရိသတ်တွေ ကြည့်ရှုခွင့်မပေးပဲ စည်းမျဉ်းစည်းကမ်းတင်းကျပ်ထားပြီး လာမယ့် စက်တင်ဘာ ၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုမှာတော့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၆၃ ခုအပါအဝင် ဆုတံဆိပ်ပေါင်း ၁၃၄ ခုနဲ့ ဦးဆောင်နေပြီး သူ့နောက်မှာ ဗြိတိန်က ရွှေတံဆိပ် ၂၉ ခု၊ ရုရှားက ၂၆ ခုစီနဲ့ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up