close

ကေအန်ယူ ဒူးပလာခရိုင် ကြိတ်နှင့်ပိုင်ကဒုံရွာအကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကေအန်ယူ ဒူးပလာယာခရိုင် ကြိတ်နဲ့ ပိုင်ကဒုံကျေးရွာ အကြားမှာ စက်တင်ဘာ ၁ ရက် မနက် ၇ နာရီအချိန်က ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ မနေ့ညပိုင်းက ကြိတ်ကျေးရွာကနေ ပိုင်ကလာဒုံကျေးရွာဘက်ကို နယ်မြေကျော်လွန်ရောက်ရှိလာပြီးနောက် ကြိတ်နဲ့ ပိုင်ကလာဒုံကြားက မိုက်ကလိန်ချောင်းနေရာမှာ ဒီကနေ့မနက် ၇ နာရီလောက်က  နယ်မြေခံ KNLA တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

၁ နာရီနီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦး ဒဏ်ရာရရှိကြောင်း သိရပြီး  အဆိုပါအနီးနားတဝိုက်မှာ ပစ်ခတ်မှုတွေကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“အဓိကကတော့ သူတို့က သိမ်းထားတဲ့စခန်းကို ပြန်ပြီးတော့  စခန်းပြန်လာထိုင်မယ်ပေါ့နော်။ အဓိကကတော့ သူတို့စခန်း ပြန်တောင်းတာပေါ့။ အဲလိုမျိုးပဲ။ ဒီဘက် အန်ယူဂျီတို့၊ CDM  တို့၊ PDF တို့ ဝင်စစ်တာ ဒါကတော့ အကြောင်းပြချက်တခုပေါ့၊ အခုလောလောဆယ် ဖြစ်နေတာကတော့ စခန်းပြန်လာတောင်းတာပေါ့နော်။”

ကြိတ်ကျေးရွာစခန်းကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သြဂုတ် ၂၁ ရက်နေ့က စွန့်ခွာထွက်ခွာသွားခဲ့ပြီး နယ်မြေခံ KNLA တပ်ဖွဲ့တွေက အဲဒီစခန်းကို သွားရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ  ကေအန်ယူ ဒူးပလာယာခရိုင်ထဲကို စစ်ရေးအင်အား တိုးချဲ့မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် KNLA တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူလူထုတွေလည်း တိမ်းရှောင်ထွက်ပြေးနေရပါတယ်။ 

ကြိတ် နဲ့ ပိုင်ကဒုံကျေးရွာအကြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up