လက်ကျန် ၃ နှစ်တွင် ရီးယဲလ်မက်ဒရစ်အတွက် အစွမ်းကုန်ပေးဆပ်ကစားမည်ဟု ဟာဇက်ကတိပြု

စာချုပ်သက်တမ်း လက်ကျန် ၃နှစ်အတွင်းမှာ အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားသွားမယ်လို့ ရီးယဲလ်မက်ဒရစ်ကစား သမားဟာဇက်ကပြောပါတယ်။
ဟာဇက်ဟာ ၂၀၁၉ ခုနှစ်က ချဲလ်ဆီးကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရပြီး အသင်းအတွက်ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
မက်ဒရစ်နဲ့ ပထမ ၂ နှစ်သက်တမ်းအတွင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တာကို ဟာဇက်ကဝန်ခံခဲ့ပြီး လက်ကျန် ၃ နှစ်အတွင်းမှာ မိမိရဲ့တန်းဖိုးကို ပြသပြီး ပေးဆပ်ကစားသွားမယ်လို့ ဟာဇက်ပြောပါတယ်။
“ လူတွေက ကျနော်အမြဲတမ်းဒဏ်ရာရ နေတယ်လို့ပဲ ထင်ကြတယ်။ ဒါကလည်း အမှန်ပါပဲ။ ဒါပေမဲ့ ကျနော့် ကစားသမားဘဝကို ပြန်ကြည့်ရင် ၁ဝ နှစ်တာကာလအတွင်း ကျနော့်လောက်ပွဲ အများကြီးကစားရတဲ့သူ သိပ်မရှိပါဘူး။ မက်ဒရစ်က ကျနော့်အတွက်ငွေတွေအများကြီးကုန်ခဲ့ပါတယ်။ အဲဒီအတွက် ပြန်လည်ပေးဆပ်ချင်တယ်” လို့ ဟာဇက်ကပြောပါတယ်။
အသက် ၃ဝ ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံကစားသမား ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ လာလီဂါပွဲ ၃ဝ သာ ကစားနိုင်ခဲ့ပြီး သွင်းဂိုး ၄ ဂိုးသာ ရရှိခဲ့ပါတယ်။