လှိုင်သာယာတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ၊ ဗုံးပေါက်ကွဲမှုကြောင့် စစ်အရာရှိ ၁ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရပြီးနောက် ဗုံးပေါက်ကွဲတာကြောင့် စကစ အရာရှိ ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဗန်းမော်အတွင်းဝန် လမ်းပေါ်မှာ ဒီနေ့ မနက် ၈ ဝန်းကျင်လောက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး တာကို စစ်ကောင်စီတပ်ဖွဲ့က နယ်မြေစစ်ဆေးနေစဉ် ဗုံး ၂ လုံးပေါက်ကွဲတာကြောင့် စစ်ကောင်စီအရာရှိ ၁ ဦး ဒဏ်ရာရသွားခဲ့တာပါ။
သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသူမှာ အမှတ် (၂၀) ရပ်ကွက်၊ မင်းကျော်စွာ ၇ လမ်းနေ အုပ်ချုပ်ရေးမှူး (အဖွဲ့ဝင်) ဦးတင်မောင်ဝင်း ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ပစ်သတ်ခံရတာနဲ့ ဗုံးဖောက်ခွဲတာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။