close

မြိတ်မြို့က Eleven Media သတင်းထောက် ခံဝန်ဖြင့် ပြန်လွတ်

ဖမ်းဆီးခံခဲ့ရတဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် Eleven Media သတင်းထောက် ကိုဇော်မိုးဦးဟာ စက်တင်ဘာ ၃ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်က ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ ကာယကံရှင်က DVB ကို ပြောပါတယ်။

သတင်းထောက် ကိုဇော်မိုးဦးကို စက်တင်ဘာ ၁ ရက်နေ့ မနက် ၁ နာရီခွဲအချိန်လောက်မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက ကားသုံးစီးနဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

လာရောက်ဖမ်းဆီးပြီးနောက် ရေးသားခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှာ ၂ ရက်နီးပါးအကြာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဖမ်းဆီးစစ်ဆေးစဉ် ဆန္ဒပြပွဲ သတင်းရေးသားခဲ့တဲ့ အကြောင်းအရာတွေ အဓိကထား မေးမြန်းတာ၊ ပြန်လည်ဖတ်ပြတာတွေ လုပ်ဆောင်ခဲ့ပြီး ရိုက်နှက်စစ်ဆေးတာ မရှိဘူးလို့ ဆိုပါတယ်။

ခံဝန်ထိုးရာမှာတော့ ရေးသားခဲ့တဲ့ သတင်းတွေအပေါ် တာဝန်ယူဖို့နဲ့ သုံးလအတွင်း မြိတ်မြို့ကနေ တခြားမြို့နယ်တွေကို သွားလာတာတွေ မလုပ်ဖို့ ပါဝင်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြိတ်မြို့မှာ သတင်းသမား ၃ ဦးထိ ဖမ်းဆီးခံရပြီး အဲဒီထဲမှာ DVB သတင်းဌာနက ကိုအောင်ကျော်နဲ့ mizzima သတင်းဌာန အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့မှာတော့ ဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up