close

မြိတ်မြို့က Eleven Media သတင်းထောက် ၁ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် Eleven Media သတင်းထောက် ကိုဇော်မိုးဦးဟာ ဒီကနေ့ စက်တင်ဘာ ၁ ရက် မနက် ၁ နာရီခွဲလောက်က  ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

သတင်းထောက် ကို‌ဇော်မိုးဦးကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားသုံးစီးနဲ့ နေအိမ်မှာ လာရောက် တံခါးအတင်းဖွင့်ခိုင်းပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် ဖမ်းဆီးသွားခဲ့တာလို့လည်း ပြောပါတယ်။

ဖမ်းဆီးသွားစဉ် နေအိမ်ရှိ ဖုန်းအားလုံးနဲ့ လက်တော့ပ်တွေကိုပါ သိမ်းယူသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ သတင်းထောက် ကိုဇော်မိုးဦးကို မြိတ်မြို့ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူးလို့ သိရပါတယ်။

ကိုဇော်မိုးဦးဟာ မြိတ်မြို့က ထုံးဖိုလူငယ်များ ပရဟိတနာရေးကူညီမှုအသင်းအဖွဲ့ဝင် တစ်ဦး ဖြစ်သလို ကိုဗစ်တတိယလှိုင်းကာလအတွင်း နေ့ရောညပါ ပါဝင်ကူညီနေတဲ့ စေတနာ့ဝန်ထမ်း တစ်ဦးလည်း  ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် သတင်းထောက် ၄ ဦးထိ ဖမ်းဆီးခံထားရပါတယ်။ အဲဒီထဲက မြိတ်မြို့က သတင်းသမား ၂ ဦးဖြစ်တဲ့ DVB သတင်းဌာနက ကိုအောင်ကျော်နဲ့ Mizzima သတင်းဌာန အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့ကို ဖမ်းဆီးပြီးနောက် အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချထားတာပါ။

ဒါအပြင် ထားဝယ်အခြေစိုက် သတင်းဌာန Dakkhina Insight က ကိုနိုင်လင်းထွန်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပြီး ထောင်ထဲကနေ အမှုရင်ဆိုင်နေရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတဝန်း သတင်းသမားပေါင်း ၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး  တချို့ပြန်လွတ်လာပေမဲ့ လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ သတင်းသမား အယောက် ၃၀ ကျော် ကျန်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up