တာလီဘန်များသိမ်းပိုက်ပြီးနောက် ကုန်ကားများ လုံခြုံရေးပိုကောင်းဟု ကားသမားများပြော

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေက သိမ်းပိုက်ပြီးတဲ့နောက် ကုန်ကားတွေသွားလာရတဲ့ လမ်းကြောင်းမှာ လုံခြုံရေးပိုကောင်းလာတယ်လို့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား ကုန်စည်သယ်ပို့နေတဲ့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။
တာလီဘန်တွေ ကြီးကြပ်တဲ့ တော်ခမ်းနယ်စပ် ဖြတ်ကူးရာနေရာဟာ ၂ နိုင်ငံကြား လူအစည်ကားဆုံး နယ်စပ် ဖြတ်ကူးရာနေရာ ဖြစ်ခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ တင်းကျပ် ထိန်းချုပ်ထားခဲ့လို့ အရင်လကတည်းက လူသွားလူလာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။
ခုတော့ ဓားမြတွေကို ကြောက်စရာ မလိုတော့ဘဲ ကုန်စည်တွေကို နေ့ရော ညပါ သယ်ပို့နိုင်ပြီလို့ အာဖဂန် ကုန်ကားမောင်းသူက ပြောပါတယ်။
ဒါပေမဲ့ တာလီဘန်တွေရော အစိုးရပါ တူတဲ့အချက်က အရာရှိတွေရဲ့ လုပ်ရပ်က ခန့်မှန်းလို့ မရတာဘဲလို့ ကားမောင်းသမား နောက်တယောက်က ပြောပါတယ်။
အရင်လက ပါကစ္စတန်ယာဉ်မောင်းတွေဟာ အာဖဂန်ကနေ ပြန်လာချိန်မှာ ပြဿနာတွေ ရင်ဆိုင်ရတယ်။
ရဲတွေနဲ့ တခြားလက်နက်ကိုင်တွေကို အမေရိကန်ဒေါ်လာ ၆၀ ကနေ ၁၂၀ ကြား တန်ဖိုးရှိတဲ့ ပါကစ္စတန် ရူပီးငွေ ၁၀၀၀၀ ကနေ ၂၀၀၀၀ ကြားပေးမှ ကုန်ကားအလွတ်တွေ ပြန်လာဖို့ ခွင့်ပြုတယ်လို့ ပါကစ္စတန်အာဖဂန်စီးပွားရေးနဲ့ လုပ်ငန်းရှင်များ ပူးတွဲအသင်းက ဒုဥက္ကဋ္ဌ အမ်ရမ်ခန်း ကာကာက အရင်လက ပြောပါတယ်။
အာဖဂန်သမ္မတဟောင်း အဲ့ရှ်ရဲ့ဖ် ဂါနီနိုင်ငံထဲကနေ ထွက်ပြေးအပြီး သြဂုတ်လက အာဖဂန်တပ်တွေ ထွက်ပြေးပြီးချိန်မှာ နယ်စပ်ဂိတ်တွေ ဝန်ထမ်းရှိပြီး ပုံမှန်ဆက် အလုပ်လုပ်နိုင်ရေး သေချာစေဖို့ ဒေသခံတာလီဘန်တွေနဲ့ ပါကစ္စတန် အာဏာပိုင်တွေ ပူးတွဲလုပ်ဆောင် နေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။