close

တာလီဘန်များ အစိုးရသစ်ဖွဲ့ရန် စီစဉ်

တာလီဘန်တွေက အစိုးရသစ်ဖွဲ့ဖို့ စီစဉ်ဆောင်ရွက်နေပြီး တရုတ်အစိုးရနဲ့ အင်မတန် အားကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ မျှော်လင့်ထားတယ်လို့ တာလီဘန် ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က တရုတ်အစိုးရရုပ်သံကို သြဂုတ် ၃၁ ရက်က ပြောလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ပြီး တရုတ်ရဲ့ ထောက်ပံ့မှုအတွက် စိတ်အားထက်သန်နေတယ်လို့လည်း သူက ပြောပါတယ်။

တရုတ်အစိုးရဟာ တာလီဘန်တွေကို အာဖဂန်နစ္စတန်ရဲ့ အုပ်ချုပ်သူအသစ်တွေအဖြစ် တရားဝင် အသိအမှတ် မပြုရသေးဘူးလို့လည်း စီစီတီဗီက ပြောပါတယ်။

ဒါပေမဲ့ တရုတ်အရာရှိတွေဟာ တာလီဘန်တွေရဲ့နိုင်ငံရေးရုံးအကြီးအကဲ မူလာဘာရာဒါကို ဇူလိုင်လက လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ဖိအားတွေ ပိုပေးမယ့်အစား အစိုးရသစ်အဖြစ် အသွင်ကူးပြောင်းရေးအတွက် အာဖဂန်နစ္စတန်ကို ကမ္ဘာကြီးက လမ်းညွှန် ထောက်ပံ့သင့်တယ်လို့ တရုတ်က ပြောခဲ့ဖူးပါတယ်။

အဲဒီနောက် တာလီဘန်တွေကို တရားဝင်အုပ်ချုပ်သူအဖြစ် တရုတ်အစိုးရက အသိအမှတ်ပြုကောင်း ပြုရမယ်ဆိုတဲ့ အလားအလာ ပိုတိုးလာနေတယ် ဆိုတာကို ပြည်သူတွေ လက်ခံလာအောင် တရုတ်ရဲ့ ဝါဒဖြန့်ချိရေးယန္တရားတွေက စတင် ပြင်ဆင်လာခဲ့တယ်လို့ တရုတ်အစိုးရ ရုပ်သံကွန်ယက် CGTN က ပြောပါတယ်။

တရုတ်တွေကို ကျနော်တို့နိုင်ငံဆီ ကုန်စည်တွေ တင်ပို့စေလိုပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကူညီစေချင်တဲ့အပြင် သူတို့နဲ့ ဆက်ဆံရေး ကောင်းဖို့ မျှော်လင့်နေတယ်လို့ မူဂျာဟစ်က CGTN နဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။

တာလီဘန်တွေ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်ကြား အာဖဂန်ကို အုပ်ချုပ်ချိန်က တရုတ်ဟာ အာဖဂန်နဲ့ ဆက်ဆံရေး ဆိုင်းငံ့ခဲ့တာပါ. ၁၉၉၃ မှာ ပြည်တွင်းစစ် စဖြစ်တည်းက တရုတ်သံတမန်တွေကို အာဖဂန်ကနေ ပြန်ခေါ်ထုတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up