အာဖဂန်တွင် ကျန်နေသည့်လုပ်သားများအရေး တာလီဘန်နှင့်ဆွေးနွေးလိုဟု ဂျာမန်အဓိပတိပြော

ဂျာမနီအစိုးရဟာ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ကျန်နေခဲ့တဲ့ ဒေသခံကန်ထရိုက် လုပ်သားတွေကို အာဖဂန်ကနေ ဘေးကင်းရာကို ဘယ်လိုရွှေ့ပြောင်းနိုင်မလဲဆိုတာ တာလီဘန်တွေနဲ့ ဆွေးနွေးချင်တယ်လို့ ဂျာမန်အဓိပတိအိန်ဂျလာမာကယ်က စက်တင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဂျာမနီအတွက် အလုပ်လုပ် ပေးခဲ့ဖူးတဲ့လူတွေကို အာဖဂန်ကနေ ကယ်ထုတ်ပြီး ဘေးကင်းရာ ပို့တာ ဘယ်လို ဆက်လုပ်နိုင်မလဲဆိုတာ ကျမတို့ တာလီဘန်တွေနဲ့ ဆွေးနွေးဖို့ လိုတယ်လို့ မာကယ်က ပြောပါတယ်။
ကဘူးလ်လေဆိပ်ကို လေကြောင်းခရီးစဉ်တွေအတွက် သုံးနိုင်သေးတာက လက္ခဏာ ကောင်းတရပ်ပဲလို့လည်း သူက ဆက်ပြောပါတယ်။
ဥရောပသမဂ္ဂဟာ တာလီဘန်အစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံဖို့ အဆင်သင့်ဖြစ်ပေမဲ့ တာလီဘန်တွေဟာ အမျိုးသမီးအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးကို လေးစားရမှာ ဖြစ်ပြီး အာဖဂန်ကိုလည်း အကြမ်းဖက်ဝါဒအတွက် အခြေစိုက်စခန်းဖြစ်လာဖို့ ခွင့်မပြုရဘူးလို့ ဥရောပ သမဂ္ဂနိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲက ပြောပါတယ်။
တာလီဘန်တွေဟာ နိုင်ငံကို သိမ်းပိုက်အပြီး သီတင်းပတ် ၂ ပတ်ကျော်တဲ့အထိ အစိုးရ အဖွဲ့ဝင်တွေကို မခန့်အပ် နိုင်သေးပါဘူး။
၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်ကြား အုပ်ချုပ်ချိန်မှာတော့ အကြမ်းဖက် အပြစ်ပေးတာတွေ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ကျောင်းတက် အလုပ်လုပ်တာကို တားမြစ်ပိတ်ပင်တာတွေ လုပ်ခဲ့လို့ နိုင်ငံခြားအစိုးရတွေနဲ့ အာဖဂန်ပြည်သူ အများအပြားက အလားတူလုပ်ရပ်တွေ တကျော့ ပြန် ကျင့်သုံးမှာကို စိုးရိမ်နေခဲ့တာပါ။
တာလီဘန်တွေကတော့ သူတို့ ပြောင်းလဲခဲ့ပြီလို့ ပြောပေမဲ့ ဘယ်လိုဆက် အုပ်ချုပ်မလဲဆို တာ ထုတ်မပြောသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။