close

နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲရာ၌ ပကာသနကိုလျှော့ချပြီး ချွေတာရန် အကြမ်းဖက်စစ်ခေါင်းဆောင် တိုက်တွန်း

နိုင်ငံတော် ဘဏ္ဍာငွေတွေကို သုံးစွဲရာမှာ ပကာသနကိုလျှော့ချပြီး ချွေတာရေးနည်းလမ်းတွေနဲ့ အညီ အမှန်တကယ်အကျိုးရှိတဲ့ လုပ်ငန်းတွေကို  လုပ်ဆောင်သွားကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

စက်တင်ဘာ ၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောသွားတာဖြစ်ပါတယ်။

မိမိတို့နိုင်ငံဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့အညီ  ဆောင်ရွက် နေတာကို တချို့သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက မျက်ကွယ်ပြုဆောင်ရွက်နေကြကြောင်း၊ ပြည်ပနိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်တဲ့ တိုင်းနဲ့ပြည်နယ်တွေက တာဝန်ရှိသူတွေအနေနဲ့  နယ်စပ်ဒေသဆက်ဆံရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး နိုင်ငံတကာကတိကဝတ်၊ သဘောတူညီချက်နဲ့အညီ ပြောဆိုပြုမူ ဆောင်ရွက်ဖို့နဲ့ နိုင်ငံ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ကိစ္စရပ်တွေကို ရှောင်ရှားကြဖို့လည်း ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီး  ပထမအကြိမ် ၂ ဒသမ ၁ သန်း၊ ဒုတိယအကြိမ် ၂ ဒသမ ၆ သန်းကျော် ထိုးနှံနိုင် ခဲ့ပြီး အခုလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းရောက်ရှိလာမှာဖြစ်သလို  အောက်တိုဘာမှာ ကာကွယ်ဆေး  ၁၀ သန်းနဲ့ နိုဝင်ဘာလမှာ ကာကွယ် ဆေး ၄ သန်း ထပ်မံရောက်ရှိမယ်လို့ဆိုပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာလည်း ထိုးနှံပေးနိုင်ဖို့ ဆက်သွယ် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်အဖွဲ့ အစည်းတချို့အနေနဲ့ အကြောင်းအမျိုးမျိုးပြကာ အန်စီအေ သဘောတူညီချက်ကို ချိုးဖောက်နေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို နိုင်ငံသာတွေရဲ့ ရပိုင်ခွင့်နဲ့အညီ  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးနေတယ်လို့ လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ တခြားဆေးပစ္စည်းတွေဝယ်ယူတာနဲ့ပတ်သက်လို့  အမေရိကန် ဒေါ်လာ ၁၆၉ သန်းအကုန်အကျခံဝယ်ယူခဲ့ပြီး ဆေးရုံ၊ ဆေးခန်းပြုပြင်တာ၊ ကိုဗစ်စင်တာတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေအတွက် ငွေကျပ် ၅၆၆ ဘီလီယံသုံးစွဲခဲ့တဲ့အပြင်  အထွေထွေကိစ္စတွေ အတွက် အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ကိုလည်း သုံးစွဲခဲ့တယ်လို့လည်း ပြောပါတယ်။

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up